Quantcast
Channel: San Htun's Diary
Viewing all 719 articles
Browse latest View live

ဘိုးဘိုးတံတား...

$
0
0
သားသားက ပုံဆွဲတာတော်လိုက်တာ ဘယ်သူနဲ့တူလို့လဲလို့မေးရင် ကြီးကြီးနဲ့တူလိုက်တာလို့ အရင်တုန်းကဖြေပေမဲ့ ခုတော့ ကိုယ့်ဘာသာတတ်တာလို့ ပြောနေပြီ အဆင့်မြင့်လာပြီ။ ငါးနှစ်ဆိုတဲ့အရွယ်က သူသိသူတတ် ဆရာကြီးသိပ်လုပ်တဲ့ အရွယ်တဲ့။ အဘိုး၊ အဖေဆီက ဆရာကြီးလုပ်တဲ့ ဗီဇရတဲ့အပြင် အသက်အရွယ်ကလည်း ဆရာကြီးလုပ်တဲ့အရွယ်ဆိုတော့ သူသိသူတတ် ကိုဖိုးသိ။ မကြီးက လန်ဒန် Tower of Brige က သ‌ေ င်္ဘာတွေလာရင် တံတားကို နှစ်ပိုင်းချိုးပြီးအပေါ်ကို ‌မြှောက်တင်လိုက်တဲ့အကြောင်း ဓာတ်ပုံနဲ့ပြောပြတော့ စိတ်ဝင်စားလို့ မျက်စိကိုပြူးနေတာပဲတဲ့။ သိချင်တတ်ချင် စူးစမ်းချင်တာကို ကျေနပ်မိပေမဲ့ ပြောမရဆိုမရ ခေါင်းမာတဇွတ်ထိုး နိုင်တာကတော့ ရင်လေးစရာ။ သူဆွဲထားတဲ့ပုံ ဓာတ်ပုံဝါးဝါးတွေပို့လို့ မကြီးက ဝါးဝါးတွေမပို့နဲ့လို့ပြောတာ လက်မခံဘူး။ ကိုယ်က ကြည်ကြည်လင်လင် ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ မမြင်ရလို့ သားဆွဲတာ ကောင်းသလား မကောင်းသလား မမြင်ရဘူး။ ပို့ပေးတာ ကျေးဇူးပဲနော် ကြီးကြီးကြိုက်တယ်လို့ အသံဖိုင်ပို့လိုက်တော့ သဘောကျတယ် ထပ်ကာထပ်ကာ နားထောင်တယ်တဲ့။ ခုတော့ ဓာတ်ပုံကြည်ကြည်‌‌လေးတွေ ပို့တတ်နေပြီ။ မကြိုက်ရင် ဖျက်တတ်နေပြီ။ twinle twinle little star ၊ london bridge is falling down ၊ you are my sunshine ၊ marry had a little lamp သီချင်းလေးတွေ ပို့ပေးတော့ ကြိုက်ပါ့မလား တွေးမိသေးတယ်။ သူက အသက်ကသာငါးနှစ် အသိညာဏ်ကရှစ်နှစ်ဆိုတော့ ကလေးသီချင်း‌တွေ ကြိုက်မှကြိုက်ပါ့မလား။ ၂၀၁၈ အောက်တိုဘာ လန်ဒန်သွားတုန်းက ဓာတ်ပုံကိုပြလိုက်တော့ ဘယ်သူတွေဆိုတာသိတယ်။ သားသားဘိုးဘိုးက ကြီးကြီးဖေဖေလားတဲ့ :D ။ ခုမှ သဘောပေါက် ကွက်ကွက်ကွင်းကွင်း မြင်သွားပုံရတယ်။ ကိုယ်တို့ကိုအတူတူ တခါ၊ နှစ်ခါပဲ မြင်ဖူးတော့လေ။ သူ့အဘိုးဆီကို ဖုန်းဆက်တော့ ဘိုးဘိုးရောက်တဲ့တံတား၊ ဘိုးဘိုးရောက်တဲ့တံတား လို့ချည်းပဲပြောနေလို့ အဖေက ဘိုးဘိုးအိမ်ရှေ့က တံတားလားလို့မေးတော့ မဟုတ်ဘူးတဲ့။ လန်ဒန်ကတံတား ဓာတ်ပုံအကြောင်း ပြောလိုက်တော့မှ သဘောပေါက်သွားတယ်။ အဲ့ဒီလို သူပြောတဲ့ ဘာသာစကားကို နားမလည်ပါဘူးဆို။ ဆံပင်မညှပ်ချင်လို့ ဆံပင်လာညှပ်ပေးတဲ့သူကို ဓားကြီးနဲ့ထိုးလိုက်မယ်လို့ပြောလို့ ကိုယ်တွေမှာ လန့်ဖျန့်သွားတယ်။ သူ့ပတ်ဝန်းကျင်မှာ ဘယ်သူအဲ့ဒီစကား ပြောသလဲမသိဘူး။ အဲ့ဒီစကားကို လူဆိုးတွေမှ ပြောတာနော် သားသားက တော်တယ် လူဆိုးလုပ်ချင်လား လူကောင်းလုပ်ချင်လား သားသားဆုံးဖြတ်လို့ အင်္ဂလိပ်လိုတကြောင်း မြန်မာလိုတကြောင်း ပြောတဲ့အသံဖိုင်ပို့လိုက်တယ်။ သူက ဘိုလိုမှုတ်တာကြိုက်တယ်။ မကြီးက အဲ့ဒီစကားကို လူဆိုးတွေ ပြောတာနော် အဲ့ဒီလိုပြောတာ ကြီးကြီးမကြိုက်ဘူး။ သားသားဖေဖေလည်း လုံးဝမကြိုက်ဘူးလို့ပြောတော့ သားသားဖေဖေမှ မရှိတော့တာလို့ပြောလို့ စိတ်မကောင်းဖြစ်ရသေးတယ်။ သားသား သိပါတယ် အဲ့ဒါလူဆိုးတွေပြောတာတဲ့။ ဒင်းက ကြီးကြီးကို သားသား ဖုန်းမခေါ် ပုံတွေမပို့ဘဲ နေလိုက်မှာနော်လို့ ခြိမ်းခြောက်သေးတယ်။ ဒင်းအဖေကိုတောင် တို့တွေစည်းကမ်းတကျဖြစ်အောင် လုပ်လာတာ ဒင်းလောက်တော့လား။ သူက သူ့အဖေထက် စိတ်ဓာတ်ပြင်းထန်လို့ စိတ်ပူရတယ်။

၂၀၁၈ အောက်တိုဘာ လန်ဒန် Tower of Bridge
Tower of Bridge ...credit - Google
တူ‌တော်မောင်ရဲ့ tower of bridge

တနေ့တနေ့ သားသားတော်တယ် ဆံပင်ကေအသစ်လေးနဲ့ မိုက်တယ်ကွာလို့ မြှောက်ပြောရနဲ့ ကိုယ်တွေလည်း ငဖားကြီး ငဖြီးကြီးကို ဖြစ်လို့။ သူမှမဟုတ်ပါဘူး လူတိုင်း ကိုယ့်ကိုတော်တယ် ချစ်တယ်လို့ပြောတာကို ကြိုက်ပါတယ်။သူ့အဖေဆုံးတော့ အသက် ၄ နှစ်နဲ့ ၄ လ ကလေးဆိုပြီး မသိဘူးမထင်နဲ့ အကုန်သိတယ်။ မကြီးက သားသားဖေဖေ ပြန်မလာနိုင်တာကို သားသားက ဝမ်းနည်းတယ်ဆိုတာ ကြီးကြီးသိတယ်။ ကြီးကြီးတို့လည်း အင်မတန် စိတ်ထိခိုက်ရတယ်။ သားသား ဘိုးဘိုးဆီသွားလည်တိုင်း ဘိုးဘိုးငိုတာ ဘာကြောင့်လဲသိလား။ သားသားဖေဖေကို သတိရလို့ချစ်လို့။ သားသားဖေဖေက ကောင်းကင်ကနေ သားသားကို စောင့်ကြည့်နေတယ်လို့ လူချင်းတွေတဲ့အခါ ပြောမယ်တဲ့။ ဖခင်ဆုံးပါးသွားတဲ့ ငါးနှစ်အရွယ်ကလေးတယောက်ရဲ့ စိတ်ခံစားချက်၊ ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတဲ့ စိတ်ပညာဆောင်းပါးတွေ ဖတ်ကြတယ်။ ယောင်းမက ကွန်ပျူတာတက္ကသိုလ် ကျောင်းထွက်ဆိုပေမဲ့ အိမ်ထဲကနေ အိမ်ပြင်မထွက်။ ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးပြီး ဘတ်စ်ကားမစီးတတ်ဘူး။ မောင်မောင်ဆုံးတုန်းကလည်း အမေငိုတာ မကြိုက်ဘူး။ ကိုယ်တို့က ငိုချင်ငိုပါစေ တအားငိုကြီးချက်မတော့ မဖြစ်ရအောင် ထိန်းတယ်။ ငိုချင်တာကို မထိန်းချုပ်နဲ့ ဘယ်လောက်ငိုနိုင်မှာ မို့လို့လဲ။ ယောင်းမအမေက ယောင်းမကို သူငယ်ချင်းတွေနဲ့ သွားခွင့်မပေး၊ ဖုန်းပြောခွင့်မပေးဘူးတဲ့။ အဲ့ဒီလို ဂရုစိုက်လွန်း ထိန်းချုပ်လွန်း ရင့်ကျက်ခွင့် မပေးတဲ့၊ ကျောင်းပို့ကျောင်းကြို နောက်ကနေ တကောက်ကောက်လိုက်တဲ့ မိဘတွေကို အမြင်ကပ်တယ်။ ကွန်ပျူတာတက္ကသိုလ်မှာတုန်းက အတန်းရှေ့မှာ ထိုင်စောင့်နေတဲ့ အမေတယောက်ကို တွေ့ဖူးတယ်။ ဘာမှလုပ်စရာမရှိ တော်တော်အားတယ် ထင်ပါရဲ့။ ကိုယ့်မိဘတွေကတော့ အလုပ်များလွန်းလို့  ကိုယ်တွေက ကိုယ့်ဘာသာလုပ်ရလို့ပဲ ဘာမဆိုလုပ်နိုင် ကိုင်နိုင်တာလား မသိဘူး။ အလာစကာကိုသွားတုန်းက ဟိုတယ်မှာ ကိုယ့်ဘာသာစားသောက်နေတဲ့ ၈ နှစ်အရွယ် အမေရိကန်ကလေးတွေကိုတွေ့တော့ ဟန်က ဗီယက်နမ်မှာဆို ဒီအရွယ်ကလေးတွေကို မိဘတွေက နောက်ကနေ လိုက်ခွံ့နေရတုန်းတဲ့။ အာရှမိဘတွေက သားသမီးကို လုပ်ပေးလွန်းတယ်။ အဖြူတွေက သားသမီးကို ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ပေးတယ်။ ငယ်ငယ်ကတည်းက စာဖတ်ပြ၊ တယောက်တည်းခွဲအိပ်။ အစားအသောက်ဆိုလည်း မိဘကရွေးပေးတာထက် သူ့တို့ဘာသာ ရွေးချယ်တတ်အောင် မိဘကလုပ်ပေးတယ်။ ဒါကြောင့် အဖြူကလေး ၁၈ နှစ်ဆို အိမ်ခွဲနေဖို့ ကမ္ဘာပတ်ဖို့ အဆင်သင့်ဖြစ်နေပြီ။ အာရှကလေး ၁၈ နှစ်ဆိုတာ ဘာမှမသိသေးဘူး တကယ့်ကလေးသာသာ မိဘက စောင့်ရှောက်ထိန်းသိမ်းနေရတုန်း။ ကိုယ်တွေက ၇တန်းလောက်ကတည်းက မိဘပေးတဲ့ပိုက်ဆံကို ကိုယ့်ဘာသာစီမံခန့်ခွဲသုံး။ ဘယ်ကျူရှင်တက်မယ်၊ ဘာစာအုပ်တွေဝယ်မယ်၊ ဘာတွေစား၊ ဘာတွေဝယ်၊ ဘယ်အချိန် ဘာလုပ်မယ် ကိုယ့်ဘာသာ ဆုံးဖြတ်ရတယ်။ တူ‌တော်မောင်ကို ကိုယ့်အားကိုယ်ကိုး ကိုယ့်‌ခြေထောက်‌ပေါ် ရပ်တည်နိုင်အောင်၊ အချိန်ပိုင်းလုပ်လို့ရတဲ့ အရွယ်ရောက်ရင် အလုပ်လုပ်ခိုင်းမယ်။ လုပ်အားပေးလုပ်ခိုင်းမယ်၊ ၁၈ နှစ်ပြည့်လို့ အိမ်ခွဲ‌‌နေချင်တယ်ဆိုရင် နေခိုင်းမယ်နဲ့။ အလိုလိုက်မယ်၊ အစစအရာရာ လုပ်‌ပေးမယ်မထင်နဲ့။ ကြီးတော်တွေက ဘိုဆန်ဆန် တွေ့ကြသေးတာပေါ့ကွာ။ ခုတော့ ဒင်းက‌လေး‌ကြောင့် london bridge is falling down ဖြစ်နေရပြီ။

စန်းထွန်း
ဇွန် ၁၉၊ ၂၀၂၀။


ရထားအတူစီးခဲ့သူ …

$
0
0
ကိုယ့်အတွက်တော့ မီးရထားဆိုတာ နေ့စဥ◌်ဘဝထဲမှာ မရှိမဖြစ် အရေးပါတဲ့အရာတခု။ ရထားပေါ် ကြုံဆုံရသူတွေထဲမှာ အမှတ်တရဖြစ်တဲ့ သူတယောက်ရှိခဲ့တယ်။ အဲ့ဒီနေ့က ကိုယ့်ထိုင်ခုံရှေ့မှာ အာရှနဲ့လူဖြူ လူလတ်ပိုင်းအရွယ် လူနှစ်ယောက် လာထိုင်ခဲ့တယ်။ သူတို့ပြောစကား‌တွေအရ အသိမိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက် ဖြစ်ပုံရတယ်။ အာရှသားက အသားဖြူဖြူ မျက်ခုံးနက်နက် တရုတ်၊ ကိုရီးယားလူမျိုးဖြစ်ပုံရပြီး သာမန်ရုပ်ရည်ပါပဲ။ မျက်မှန်တပ်မထား‌တော့ သူ့မျက်နှာကို ဝါးတားတားပဲ မြင်ရတယ်။ တဖြည်းဖြည်း ရထားတွဲပေါ် လူပြည့်လာပေမဲ့ လူတွေကြပ်သိပ်မနေခဲ့ဘူး။ ကိုယ်က Heather Morris ရဲ့ The Tatooist of Auschwitz စာအုပ်ဖတ်နေပြီး ဆတ်ခနဲ ငိုက်သွားခဲ့တယ်။ ချက်ခြင်းဆတ်ခနဲ မျက်စိပြန်ဖွင့်လိုက်တဲ့အခါ ကိုယ့်ကိုပြုံးစိစိနဲ့ ကြည့်နေတဲ့ အာရှသားကို တွေ့လိုက်ရတော့ ရှက်သွားတယ်။ အမြဲတမ်း ရထားပေါ်မှာ အိပ်ပျော်တာကို ဘယ်တုန်းကမှ မရှက်ဖူးသူက ဘာလို့သူ့ကျမှ ရှက်နေမိပါလိမ့်။ မအိပ်ချင်အောင် ကြိုးစားပေမဲ့ မျက်စိညောင်းလာတဲ့အခါ စာအုပ်ပိတ်ကာ မျက်စိမှိတ်ပြီး အိပ်နေလိုက်တော့တယ်။ စကားသံတွေက ဝေးလာလိုက် နီးလာလိုက်။ ခါတိုင်းလို ကိုယ်ဆင်းရမဲ့ ဘူတာမတိုင်မှီ နိုးလာခဲ့တယ်။ ကိုယ့်ကိုကြည့်ပြီး ပြုံးနေတဲ့မျက်လုံးတွေကို မမြင်ချင်ယောင်ဆောင်ရင်း စာအုပ်ဖတ်နေလိုက်တယ်။ တခါတုန်းက အိပ်ပျော်သွားရာကနေ ရုတ်တရက်လန့်နိုးလာပြီး ဘယ်ဘူတာမှန်းရှာကြည့်နေရင် ဘေးမှာထိုင်နေတဲ့ အလိုက်သိတဲ့သူက ဘယ်ဘူတာရောက်နေပြီလို့ ပြောပြဖူးတယ်။ ဆင်းခါနီး ဂွတ်ဘိုင့်လို့ စိတ်ထဲကနေ နှုတ်ဆက်ခဲ့တယ်။ နောင်ထပ်ဆုံဖို့ မမျှော်လင့်သလို ဆုံခဲ့ရင်လည်း မှတ်မိပါ့မလား...

စန်းထွန်း
ဇွန် ၂၆၊ ၂၀၂၀။

credit - Google



ဘူတီဂျိနဲ့ ကလပ်ကေဘယ် …

$
0
0
ဘူတီဂျိ
ဘူတီဂျိ Pete Buttigieg က ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ အင်ဒီးယားနားပြည်နယ်ကနေ ပါဝင်ယှဥ◌်ပြိုင်သူတယောက်။ ဒီမိုဂရက်ပါတီကနေ ပါဝင်ယှဥ◌်ပြိုင်သူ ဆယ့်ငါးယောက်ထဲမှာ ဘူတီဂျိက ထူးခြားတယ်။ အင်ဒီယာနားပြည်နယ် South Bend မြို့‌တော်ဝန်၊ အသက်အငယ်ဆုံး ၃၈ နှစ်၊ ဂေး၊ ဟားဗတ်တကက္ကသိုလ်ကျောင်းထွက်၊ အာဖကန်စစ်ပြန်၊ ဘာသာစကား ၇ မျိုးပြောတတ်တယ်။ သူ့ပေါ်လစီမူဝါဒတွေ နားမလည်ပါဘူး အသက်ငယ် ရုပ်ချောတာနဲ့တင် ကိုယ်က ဘူတီဂျိကို အားပေးနေတာ။ ဂျမားက နယူးဂျာဆီ ဆီနိတ်တာ Cory Booker ကို ထောက်ခံတယ်။ ဘွတ်ကာရဲ့ အရည်အချင်းတွေက အထင်ကြီးစရာကောင်းပေမဲ့ အခြေအတင်ပြောဆိုပွဲတွေမှာ ထင်သလောက် မပြောနိုင်တော့ ပြိုင်ပွဲကနေ စောစောစီးစီး ထွက်သွားတယ်။ နေ့လည်ထမင်းစားချိန် အောက်ထပ်က ထမင်းစားခန်းကိုသွားရင် ထိုင်ဝမ်ကြီးဝမ်က စန်းစန်းလာပြီဟေ့ ဘူတီဂျိအကြောင်း ပြောရအောင်။ စန်းစန်းက ဘူတီဂျိရဲ့ ပေါ်လစီတွေဘာတွေကို ဂရုမစိုက်ဘူး ဘူတီဂျိချောလို့ အားပေးတာတဲ့ကွ။ ဂျမားက ဂေးဖြစ်နေတာ ပြသနာမဟုတ်ဘူး အိမ်ဖြူတော်မှာ ယောကျာ်းနှစ်ယောက် နေမှာကိုမကြိုက်တာ။ First lady မဟုတ်ဘူး first gentleman ပေါ့။ အိုး… ဘာဖြစ်တုန်း ပထမဆုံးဂေးသမ္မတ၊ ပထမဆုံးအမျိုးသမီးသမ္မတဖြစ်ရင် ဘယ်လောက်ကောင်းသလဲ သမိုင်းတွင်တာပေါ့။ ဘူတာဂျီက သူ့ပါတနာကို သူ့ယောကျာ်း husband လို့ပြောတော့ သူ့ပါတနာက သူ့ကို ဘယ်လိုခေါ်လဲ။ ယောကျာ်း husband လို့ခေါ်လား မိန်းမ wife လို့ခေါ်လား။ ယောကျာ်း husband လို့ခေါ်တယ်ထင်တယ်။ သူ့ပါတနာကို ဂူဂယ်မှာ ရှာကြည့်တော့ အသက် ၃၀ အဖြူ ကျောင်းဆရာ ချောချောလေး။ စန်းစန်းရေ လက်လျှော့လိုက်တော့ ဘူတီဂျိက လက်ထပ်ပြီးသားကွလို့ ဂျမားကစတယ်။ ဘူတီဂျိ ပြိုင်ပွဲကနေထွက်လိုက်တဲ့ သတင်းကြားတော့ ဝမ်နဲ့ဂျမား စိတ်မကောင်းဖြစ်ကြတယ် ဘူတီဂျိအတွက်မဟုတ်ဘူး သူတို့အတွက် ကိုယ့်ကိုမစရတော့လို့။

credit - Google

ကလပ်ကေဘယ်
အင်္ဂလိပ်နာမည်တွေအကြောင်း ပြောကြတော့ ကိုယ့်အင်္ဂလိပ်နာမည်က စကားလက် Scarlett ။ ဂျမားက စကားလက်ဂျိုဟန်ဆန် မင်းသမီးကို ကြိုက်လို့လား။ ဟင့်အင်း … စကားလက်အိုဟာရာ Gone with the wind ဝထ္ထုထဲက ဇာတ်လိုက်မင်းသမီးကိုကြိုက်တာ။ သူများတွေက စကားလက်အိုဟာရာကို မိန်းမဆိုးလို့မြင်ပေမဲ့ ကိုယ်ကတော့ စိတ်ဓာတ်ပြင်းထန်တဲ့မိန်းမမို့လို့ ကြိုက်တယ်။ ဆရာမြသန်းတင့်ရဲ့ လေရူးသုန်သုန် ဝထ္ထုဖတ်တော့ တအားကြိုက်တယ်။ ရုပ်ရှင်ကြည့်တော့လည်း ကြိုက်တယ် Margaret Mitchell ရဲ့ အင်္ဂလိပ်ဝထ္ထုဖတ်ရပြန်တော့ ပို‌တောင်ကြိုက်သေးတယ်။ ရက်ဘတ်တလာ နောက်ဆုံးပြောခဲ့တဲ့စကား  “Frankly, my dear, I don’t give a damn” ဆိုတဲ့စကား နာမည်ကြီးတယ်။ ဟင် ဟုတ်လား သတိမထားမိလိုက်ဘူး ဘာအဓိပ္ပာယ်လဲဟင် လို့မေးတော့ ဂျမားက ရှင်းပြတယ်။ ဂျမားက Rhett Butler အဖြစ်သရုပ်ဆောင်တဲ့ Clark Gable နဲ့ သူနဲ့တူတယ်လို့ပြောလို့ ကိုယ့်မှာ ထမင်းတောင်နင်တယ်။ ဂျမားရယ် ထမင်းနင်အောင် မလုပ်ပါနဲ့ ဘယ်လိုမှမတူပါဘူး။ နောက်နေ့ကျတော့ ဂျမားက ဝမ်ကို ကလပ်ကေဘယ်နဲ့ တူတယ်လို့ပြောတာကို စန်းစန်းက အသားကုန်ငြင်းနေတယ်။ သူ့မှာ အသည်းကွဲ စိတ်မကောင်းဖြစ်ရတယ်ဆိုပဲ။ သူ့ငယ်ငယ်တုန်းက ဓာတ်ပုံထုတ်ပြသေးတယ် အေးပါ အေးပါ ဆံပင်နက်တာတော့ တူပါပေတယ်လို့ပြောလို့ နင်သွားရှာတယ်။ ဂျမားက ကလပ်ဂေဘယ်လို့ ပြောတာနဲ့ ကိုယ်က ခေါင်းခါရမ်းပြီး မပြုံးဘဲဝါးလုံးကွဲ ရယ်တော့တာပဲ။ ဂျမားနဲ့ဝမ်ဟာ ကိုယ့်ထက်အသက်နှစ်ဆယ်ကျော် ကြီးပေမဲ့ စချင်နောက်ချင် ပြောင်ချင်တဲ့စိတ်ကလေးတွေ တူကြလို့လားမသိဘူး ခုထိဘော်ဒါလိုခင်ကြတုန်းပဲ။

Happy July 4th!
စန်းထွန်း
ဇူလှိုင် ၃၊ ၂၀၂၀။

credit - Google

Cannon in D...

$
0
0
Johann Pachelbel ရဲ့ Cannon in D ... အကြိုက်ဆံဆုံးသီချင်းတပုဒ်... ယူကျူက‌နေ သင်တာပါ... တနေ့တနာရီ တလ‌ကျော် ‌လေကျင့်ရပါတယ်... နားဆင်ကြပါ ခင်ညား...

စန်းထွန်း
ဇှုလှိုင် ၁၀၊ ၂၀၂၀။





မမေးနဲ့ …

$
0
0
အဖေ နားအူနေတာ သုံးရက်လောက်ရှိပြီ။ B12 များအားနည်းနေသလားဆိုပြီး မကြီးက B12 သောက်ခိုင်းတယ်။ မသက်သာတော့ ဟိုင်းကြီးဆေးရုံမှာ သွားပြတယ်။ သောက်ဆေးပေးလိုက်ပေမဲ့ မသက်သာဘူး။ တပတ်လောက်ကြာတော့ ပုသိမ်ကို နေ့တဝက်သ‌‌​ေင်္ဘာစီးပြီး သွားပြတယ်။ အဖေ ဆရာဝန်က ဘာဖြစ်တာလဲလို့မေးတော့ ဘာမှမပြောလိုက်ဘူးတဲ့။ ဟင်… ကိုယ်ဘာဖြစ်တယ်ဆိုတာကို ဆရာဝန်က မပြောပြရင် အဖေက မေးရမှာပေါ့။ သမီးတွေအကြောင်းသိတဲ့ အဖေက မျက်နှာလေးငယ်ငယ် အသံလေးငယ်ငယ်နဲ့ မေးဖို့နေနေသာသာ ဘာဖြစ်တာလဲလို့ ဟောက်တယ်တဲ့။ အံ့ပါ့… မြန်မာဝန်က ဆရာဝန်တော်တော်များများ အဲ့ဒီလို လူနာကို ဘာဖြစ်တာလဲ၊ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်ဆေးတွေ သောက်ရမယ်၊ ဘေးထွက်ဆိုးကျိုး ဘာရှိတယ် သတိထားရမယ်၊ နောက်မဖြစ်အောင် ဘယ်လိုကာကွယ်ရမယ်ဆိုတာ  ရှင်းပြဖို့နေနေသာသာ ဘာဖြစ်တာလဲလို့ ‌ေ မေးတာတောင် ဟောက်နေတယ်။ နိုင်ငံခြားမှာဆိုရင် အဲ့ဒီဆရာဝန်ကို တရားစွဲလို့ရတယ်။ အင်တာနက်မှာ ဆေးခန်းကို ကြေငြာထားတယ်ဆိုရင် ရီ‌ဗျူးဆိုးဆိုးသွားရေးမှာ။ အဲ့လိုဆရာဝန်နဲ့တွေ့ရင် ရောဂါတဝက်သာသာဖို့ နေနေသာသာ ရောဂါတောင် ပိုတိုးဦးမယ်။ မြန်မာပြည်မှာ လူနာကိုသေသေချာချာရှင်းပြပြောဆိုတဲ့ ဆရာဝန်ဆိုတာ ရှားတယ်။ အသက်ကယ်တာ မွန်မြတ်သလို လူနာကို သေသေချာချာ ရှင်းပြပြောဆို ဂရုစိုက်ပေးရင် ပိုတောင်မွန်မြတ်‌သေးတယ်။ သဘောကောင်း သေသေချာချာ ပြောပြပေးတဲ့ ဆရာဝန်တွေလည်း ရှိတော့ရှိပါတယ်။ တခါတုန်းကလည်း အာရှတော်ဝင်မှာ လူနာတွေကို ခေါ်ပေးတဲ့ဝန်ထမ်း ပေါ့လျော့လို့ ဆရာဝန်က လူနာကုန်ပြီထင်ပြီး ပြန်တယ်။ မကြီးက နှလုံးဆရာဝန် အိတ်ကလေးဆွဲပြီး ထွက်သွားတာ တွေ့လိုက်ပေမဲ့ ပြန်တယ်လို့မထင်ဘူး ဟိုနားဒီနား ခဏသွားတာလို့ ထင်နေတာ။ အတော်ကြာတဲ့အထိ နာမည်မခေါ်လို့ သွားမေးကြည့်တော့မှ ဆရာဝန်က ပြန်သွားပြီတဲ့။ မကြီးက ဒီလိုဘယ်ရမလဲ ဒီမှာအကြာကြီးစောင့်ရတာ မန်နေဂျာနဲ့ စကားပြောမယ်လို့ ပြောတော့မှ ပြာပြာသလဲ တောင်းပန်ရှာတယ်။ ကလေးမလေးတွေ အလုပ်ပြုတ်မှာစိုးလို့ မတိုင်တော့တာ။ ဘေးနားမှာ စောင့်နေတဲ့လူနာက မနက်လေးနာရီကတည်းက လာရတာ အဝေးကြီးကတဲ့။ ကြည့် … ဝန်ဆောင်မှုကောင်းမွန်ပုံများ။ မြန်မာပြည်မှာ ဝန်ဆောင်မှုပေးတာ အင်မတန်ညံ့တယ်။ ကောင်းမွန်တဲ့ဝန်ဆောင်မှု မပြောနဲ့ ပုံမှန်ဝန်ဆောင်မှုတောင် မရဘူး။ ၂၀၀၂ တုန်းက ဘတ်စ်ကားတွေ အပြိုင်မောင်းပြီး ကိုယ်ဆင်းရမဲ့မှတ်တိုင်မှာ မရပ်ပေးဘဲ တမှတ်တိုင်အကျော်မှာ ရပ်ပေး၊ စပယ်ရာတွေ အတင်းဆွဲတင် အတင်းဆွဲကျ၊ ကြိမ်းမောင်း။ စျေးဆိုင်တွေမှာ မဝယ်ဘဲစျေးမေးကြည့်ရင် ဝယ်မယ်ဆိုမှမေးလို့ ပြောတာမျိုး၊ စတိုးဆိုင်တွေမှာ လျှောက်ကြည့်ရင် သူခိုးဖမ်းသလို ကြည့်တာမျိုး၊ အင်္ကျီကြည့်ချင်ရင် ဝယ်နိုင်လို့လားဆိုတဲ့ အကြည့်မျိုးတွေ။ ၂၀၁၉ ရန်ကုန်ပြန်တော့ ဝန်ဆောင်မှုတိုးတက်လာတယ်။ နယ်ကလူ‌တွေကတော့ သဘောကောင်းကြတယ်။ လူနာကို ဘာဖြစ်တာဆိုတာလေးတောင် မပြောပြတဲ့ ပညာမာန်တတ် ဟောက်စား အပေါက်ဆိုးတဲ့ ဆရာဝန်‌တွေတွေ့ရင် သိပ်အသည်းယားတာပဲ။ ကိုယ်ဘာရောဂါဖြစ်တယ် ဆိုတာကိုတောင် သိခွင့်မရှိဘူးလား၊ ‌ပြောပြလို့မရဘူးလားလို့ မေးလိုက်ချင်တယ်။ နောင်ဘယ်တော့မှ လာမပြတော့ဘူး၊ ဟိုဒေါက်တာမလေးလို ဖေ့ဘွတ်ကနေ live လွင့်လိုက်ရရင်‌တော့လား ဟွင်း ... ဟွင်း။

စန်းထွန်း
ဇှုလှိုင် ၁၇၊ ၂၀၂၀။

အရွက်စိမ်း‌လေးတွေ မြင်ရတာ စိတ်ချမ်းသာတယ်...:)
ဒီနှစ်ရဲ့ ပထမဆုံးပွင့်တဲ့ ယုဇပန်း‌လေး‌တွေရဲ့ ‌မွှေးရနံ့‌ကြောင့် စိတ်ကြည်နူးရတယ်...

ရက်ဘက်ကာ - ၂

$
0
0
ရက်ဘက်ကာက ဒီရုံးမှာ လုပ်သက် ၁၀ နှစ်ကျော် အသက် ၆၇ နှစ်။ သူ့နေရာမှာ ကိုယ့်ကိုအစားထိုးဖို့ ခေါ်လိုက်တာထင်ပြီး ကိုယ့်ကိုမကြည်ဘူး။ ပေါင်းသင်းဆက်ဆံရခက်တဲ့ ရက်ဘက်ကာနဲ့ ထိပ်တိုက်တိုးပြန်တယ်။ အိမ်သာမှာဆုံရင် ရက်ဘက်ကာက ကိုယ့်မိသားစုအကြောင်း မေးပေမဲ့ ကိုယ့်ကတော့ သူ့အကြောင်း မမေးဘူး။ ကိုယ်မှမခင်ချင်တဲ့သူကို အလာဘသလာဘ စကားပြောနှုတ်ဆက်ရုံကလွဲရင် စကားမပြောချင်ဘူး။ အောက်ထပ်က အင်ဂျင်နီယာဌာနမှာ ထမင်းသွားစားရင် ထမင်းစားခန်းထဲ ဝင်လာသမျှ သိတဲ့သူတွေကို နှုတ်ဆက်ပြုံးပြ စကားတွေဒိုင်ခံပြောလို့ ဂျမားက ကိုယ့်ကိုပေါင်းသင်းဆက်ဆံရေး ကောင်းတယ်နော်လို့ ပြောတယ်။ ဂျမားရေ အဲ့ဒါ အလုပ်ထဲမှာမို့လို့ အိမ်မှာဆို ဧည့်သည်လာရင် စကားပြောချင်မှ ပြောတာ။ တနေ့ အစည်းအဝေးခန်းထဲမှာ ထိုင်စောင့်နေရင်း ရက်ဘက်ကာက ကွန်ထရပ်တာဖာနီ ဘာလို့အလုပ် မဆင်းတာလဲလို့မေးတယ်။ ကိုယ်နဲ့ဖာနီက ပရောဂျက်အတူလုပ်နေတော့ ကိုယ်သိမယ်ထင်နေတာ။ အမှန်က ကိုယ်လည်း သေသေချာချာ မသိဘူး။ မန်နေဂျာ၊ တခြားကွန်ထရပ်တာ ပြောနေတာအရဆိုရင် ဗီဇာကိစ္စကြောင့် ဖြစ်မယ်ထင်တယ်။ ကိုယ်လည်း ကျောင်းသား F1 ဗီဇာကနေ အိတ်ချ်ဝမ်းဘီ H1B အလုပ်ဗီဇာ လျှောက်တုန်းက အလုပ်ပြောင်း၊ ပြည်နယ်ပြောင်း ဒုက္ခမျိုးစုံ ကြုံခဲ့ရတော့ နားလည်တယ် ကိုယ်ချင်းစာတယ်။ အခု သမ္မတထရန့်က အိတ်ချ်ဝမ်းဘီဗီဇာကို သေသေချာချာ ကိုင်တွယ်နေပြီး ပိုကျပ်တယ်။ ရက်ဘက်ကာက အီတလီနိုင်ငံနားက သူ့နိုင်ငံမှာ စစ်ဖြစ်တော့ ဒုက္ခသည်အဖြစ် စတိတ်ကို ရောက်လာကြတယ်။ ကလေးတဖက်နဲ့ ဆိုင်မှာ အရောင်းစာရေး၊ ဆောက်လုပ်ရေးမှာ ဝန်ထမ်း၊ နောက်ဆုံး တက္ကသိုလ်မှာ သင်တန်းတက်ပြီး Associate ဘွဲ့ယူတာ ခုမှအကြွေးဆပ်လို့ ပြီးတယ်တဲ့။ နင်တို့က အသက်ငယ်ငယ် ဘွဲ့ကလည်း ကွန်ပျူတာဘွဲ့ ဗီဇာအခက်အခဲတခုတည်း သူ့မှာက ကလေးနှစ်ယောက်ကို ကျွှေးမွှေးပြုစုရတာ ပင်ပန်းခက်ခဲတယ်။ သူ့ဒုက္ခက ကိုယ့်ဒုက္ခထက် များတယ်လို့လာ‌ပြောနေလို့  အေး နင်လည်း ဂရင်းကဒ်ရှိပေမဲ့ နင့်အခက်အခဲနဲ့နင်။ ငါတို့လည်း ကျောင်းပြီးပေမဲ့ ဗီဇာအခက်အခဲ ကိုယ့်အခက်အခဲနဲ့ကိုယ် တယောက်တမျိုး အခက်အခဲအမျိုးမျိုး။ သူသာ ဂရင်းကဒ်မရရင် မလာဘူးတဲ့ ကိုယ်တို့ကတော့  ဂရင်းကဒ်မရှိပေမဲ့ စတိတ်ကိုလာရတယ်။ ကိုယ်တို့တိုင်းပြည်က ဆင်းရဲလို့ စတိတ်ကိုမှ မလာရင်မဖြစ်ဘူးလို့ ပြောလိုက်တယ်။ နောက် စကားမပြောချင်တော့လို့ ဖုန်းပွတ်နေလိုက်တယ်။ နောက်ဆို မေးထူးခေါ်ပြောလောက်ပဲ ကိုယ့်ဆီစကား လာလာပြောတယ် ကိုယ်က လိုအပ်တာပဲပြောတယ်။ ပြီးရင် အရေးတကြီး ဖုန်းခေါ်စရာရှိလို့ဆိုပြီး စကားဖြတ်တယ်။ သူ့မှာ အခက်အခဲရှိလို့ ကိုယ့်ကိုလာမေးတယ် ကိုယ်ကမသိဘူး ဖာနီသိတယ် သူ့ကိုမေး သူက ကူညီတတ်တယ်လို့ပြောတော့ နင့်မို့လို့ ကူညီတာတဲ့။ သူကလည်း ကူညီချင်စရာမှ  မကောင်းတာ သူမသိဘူး။ တခုခုဆို အပြစ်တင်တာကအရင် ကိုယ်က ဘာပြသနာတွေရှိတယ်၊ ဘယ်သူ့အကူအညီလိုတယ်၊ ဘာတွေဆက်လုပ်ရမယ်ဆိုတာ အကြောင်းပြန်တယ်။ အဲ့ဒါကြောင့် သူ့အီးမေးလ်ဆို ဘယ်သူမှမပြန်ဘူး ကိုယ့်အီးမေးလ်ပဲ ပြန်ကြတယ်။ ဒါရိုက်တာ၊ မန်နေဂျာတွေကို အပြစ်သွားတင်လို့ဖြစ်မလား သူတို့က အောက်ကလူတွေရဲ့ အခက်အခဲ၊ အခြေအနေတွေကို မသိဘူး။ ကိုယ်တွေပြောပြမှ သိတဲ့အခါ သူတို့တတ်နိုင်တာ လုပ်နိုင်တာ လုပ်ပေးမှာပေါ့။

ကိုယ်တို့ရုံးက probation အစမ်းခန့်ကာလက တစ်နှစ် အရင်ရုံးတွေက သုံးလ၊ ခြောက်လပဲ။ ပထမတစ်နှစ်အတွင်းမှာ အလုပ်မယ်မယ်ရရ မရှိတော့ ကိုဗစ်ကာလအတွင်းမှာ အလုပ်ပြုတ်မှာ စိတ်ပူတာပေါ့။ တခြားအဖွဲ့က ကွန်ထရပ်တာသုံးယောက် ကွန်ထရပ်ထပ်မတိုးလို့ ဂွတ်ဘိုင်လုပ်သွားကြတယ်။ ကိုယ်တို့ဌာန ဘက်ဂျက်ဖြတ်တာ ၉ မီလီယံ ပရောဂျက် ရပ်သင့်တာရပ် အကုန်အကျသက်သာအောင် လုပ်နေကြတဲ့အချိန်။ အလုပ်ပြုတ်တဲ့သတင်း၊ အလုပ်တော့မဖြုတ် လစာမပေး forlough ၊ လစာ ၂၀၊ ၃၀ ရာခိုင်နှုန်းလျှော့တဲ့ သတင်းတွေကြားတော့ စိတ်ပူတာပေါ့။ တရုတ်မယန်းကိုပြောပြတော့ စိတ်မပူနဲ့  ပီအေက အမြဲတမ်းဝန်ထမ်းကို ဖြုတ်တယ်လို့ မကြားဖူးဘူး။ ဖြုတ်မယ့်ဖြုတ် ကွန်ထရပ်တာတွေပဲ ဖြုတ်တာတဲ့။ ကိုယ်က ပီအေရုံးမှာ ကွန်ထရပ်တာလုပ်ဖူးတော့ အဲ့ဒီအကြောင်း ကောင်းကောင်းသိတယ်။ အလုပ်ဝင်တာ တစ်နှစ်ပြည့်ခါနီး မန်နေဂျာက ကိုဗစ်ထိလို့ ၃ လလာက် ခွင့်ယူတယ်။ မန်နေဂျာမရှိတော့ ဒါရိုက်တာမက ကိုယ့်ကို မန်နေဂျာအလုပ်တွေ ခိုင်းတယ်။ ခုတော့ အလုပ်များလို့ နေ့လည်ဟင်းချက်ချိန် မရှိဘူး ထမင်းစားချိန်‌တောင် မနည်းလုယူနေရတယ်။ vendor တွေ သက်တမ်းတိုးတာ ဆက်သွယ်ရမဲ့ဟာလည်းမရှိ ကိုယ့်မှာ finance ဌာနကလူတွေကိုဆက်သွယ် အကူအညီတောင်း။ vendor တွေကို ဆက်သွယ်တော့ ကိုယ်ကစာရင်းမှာမပါလို့ ကွန်ထရပ်သတင်းတွေ မပေးနိုင်ဘူး။ မန်နေဂျာရဲ့ ထောက်ခံမှုရမှ ပေးမယ်တဲ့ မန်နေဂျာက ဆေးခွင့်ယူထားတဲ့ဟာကို။ အဲ့ဒါဆို ကိုယ့်ကို primary contact အဖြစ်ပြောင်း ဒါရိုက်တာမ ခွင့်ပြုချက် form နဲ့တင်။  renewal process ဆိုတာ ဘာမှန်းမသိလို့မေးမြန်း၊ အီးမေးလ်တွေပို့၊ ဖုန်းတဂွမ်ဂွမ်ခေါ်။ မန်နေဂျာ ဆက်သွယ်လို့မရတဲ့ vendor ကို ကိုယ်ကနှစ်ရက်တည်းနဲ့ ဆက်သွယ်လို့ရလို့ အားလုံးအံ့ဩကြတယ်။ ရမှာပေါ့ ကိုယ်က ဖုန်းတဂွမ်ဂွမ်ခေါ်၊ ပို့လို့ရမျှ အီးမေးလ်လိပ်စာတွေကို လိုက်ပို့၊ မက်ဆင်ဂျာ၊ လင့်ခ်အင်ကနေ ဆက်သွယ်တာကိုး။ ခုတော့ vendor renewal အားလုံး ကိုယ့်ကိုခိုင်းကြတော့တယ်။ ရက်ဘက်ကာက အတွေ့အကြုံများပေမဲ့ ဦးဆောင်မလုပ်ဘူး ကိုယ်က လုပ်လို့မရရင် တခြားဌာနကသိတဲ့လူတွေကို အကူအညီတောင်းပြီး ဦးဆောင်တယ်။ အလုပ်တခုဆို ဘယ်အဖွဲ့ကလုပ်တာလဲဆိုတာ လိုက်မေး၊ ဖုန်းဆက်၊ သူတို့အဖွဲ့ကလည်း ကိုယ်တို့ဌာနက လုပ်ရမှာ၊ ကိုယ်ကလည်း ဘာလုပ်ရမှန်းမသိ၊ အစည်းအဝေးခေါ်။ ကိုယ်လုပ်ရတာက နည်းနည်းလေး ဒါပေမဲ့ ကိုယ်ဦးဆောင်လုပ်တယ်ဆိုတာ သိကြတယ်။ ရက်ဘက်ကာက အီးမေးလ်မှာ သူက to list ထဲ မပါလို့ cc list ထဲပါလို့တဲ့ သူက cc ထဲမှာဆိုရင် မကြိုက်ဘူး။ တခါတုန်းကလည်း မန်နေဂျာကိုပြောလို့ မန်နေဂျာကို နင့်ကို to အီးမေးလ်နဲ့ပို့မယ် နင်လုပ်ဆိုပြီး စိတ်တိုရဖူးတယ်။ ရက်ဘက်ကာ သူက နင့်ဆီကို cc နဲ့ ပြန်မယ်လို့ တွေးတာမဟုတ်ဘူး အားလုံးကိ reply all ဆိုပြီး ပြန်လိုက်တာပဲ။ နင်ဘာလို့ အဲ့ဒါတွေ စိတ်ထဲထားနေတာလဲ။ ငါလည်း အစည်းအဝေးထဲမှာ မပါဘူး ငါ့ကိုလိုအပ်ရင် ဖုန်းဆက်ပြီး လှမ်းခေါ်ရတာပဲ။ အခုလုပ်နေတဲ့ဟာမှာ နင်က အတွေ့အကြုံများတယ် နင့်ကိုမေးရမှာပေါ့လို့  စိတ်တိုတိုနဲ့ အော်ရတော့တယ်။ မန်နေဂျာက ကိုယ့်ကို နာရီဝက်လောက်ပဲ ပြပေးတယ် ကိုယ်က ကိုယ့်ဘာသာကိုယ် ဖြေရှင်းတယ်။ ရက်ဘက်ကာကို သင်ပေးရတာ အသေးစိတ် အထပ်ထပ် အခါခါ သင်ရတယ် မောတယ်။ မမှတ်မိလို့ ထပ်ခါထပ်ခါ ပြောပြရတယ် အသက်ကလည်း ကိုယ့်မိဘထက်‌တောင် ကြီးတာကိုး။ အီးမေးလ်လာရင် စောင့်ကြည့်ပြီး လိုတာထောက်ပြရတယ်။ ဒါရိုက်တာမက ကိုယ့်ကိုသဘောကျတယ် ကိုယ်ဦးဆောင်လုပ်တယ်ဆိုတာ သိနေတော့ ရက်ဘက်ကာ ကိုယ့်ကို ကလန်ကဆန် မလုပ်ရဲတော့ဘူး ခုတော့ လေးလေးစားစား ဆက်ဆံလာပြီ။

စန်းထွန်း
ဇှုလှိုင် ၂၄၊ ၂၀၂၀။

ရေးပြီးတာက
ရက်ဘက်ကာ - ၁

Casa Chocolate ice cream shop, on the way to Cajon del Maipo from Santiago, Chile on November 12th, 2019.

တူတော့ ပိုချစ်ရတာပေါ့ …

$
0
0
တူတော်မောင်ဟာ တစ်နှစ်အတွင်း အရပ်ရှည်ထွက်လာပြီး မျက်စိရှေ့တင် ကြီးလာလိုက်တာ။ မနှစ်ကတွေ့တုန်းက တကယ့်ကလေး အခုတော့ ကလေးကြီးဖြစ်နေပြီ တော်တော်ပြောင်းသွားတယ်။ တနေ့ခြား မကြီးနဲ့ တနာရီကျော် ဖုန်းပြောကြတော့ မကြီးဆီကနေ သူ့အကြောင်းတွေ သိရတယ်။ မျက်နှာခွက်တက်တက် အမြဲပြုံးသလိုဖြစ်နေတဲ့ပါးစပ် မျက်နှာလေးထောင့် ဆရာကြီးလေသံက သူ့အမေ။ လက်ခြေထောက် မျက်လုံး ခန္ဓာကိုယ်က မောင်မောင်။ သိချင်တတ်ချင် စပ်စုတာက သူ့အဘိုးအဘွား ကိုယ့်အဖေ၊ အမေနဲ့တူတယ်။ အကောင်းကြိုက်တာ အစားကြီးတာကတော့ သူ့အဖေ။ ပုံဆွဲတော်တာ ပစိပစာများ လျှာရှည်တာ မကြီး။ စကားများတာက ကိုယ်တို့ဖက်နဲ့တူတယ်။ ကိုယ်တို့ကို အမျိုးမှန်းသိတယ် ကိုယ်တို့ချစ်တာလည်း သိတယ်။ gene မျိုးရိုးဗီဇဆိုတာ ကြောက်စရာ ၆၀ ရာခိုင်နှုန်း ကိုယ်တို့ဖက်ကိုတူတယ်။ blood is thicker than water ဆိုတာ အမှန်ပဲ။ မြင်ရစကားပြောနေရ ဖတဆိုးလေးဆိုတော့ ပိုချစ်ရတယ်သူကလည်း ချစ်ဖို့ကောင်းတယ်။ သူ့ကြီးတော်သူငယ်ချင်း ပန်းချီဆရာက လာသင်ပြပေးလို့ လက်ရည်တက်လာတယ်။ တနေ့တနေ့ သူ့မှာ ကြီးကြီးတွေအတွက် ပုံဆွဲပေးရတာနဲ့ အားကိုမအားဘူးတဲ့။ ကြီးကြီးတွေကလည်း ပို့ပေးတာ ကြိုက်တယ် ကျေးဇူးတင်တယ်နော် သားသား တော်တယ်လို့ပြောလို့ သဘောတွေကျ။ ကြီးကြီးကြိုက်မယ်ဆိုတာ သားသားသိတယ်တဲ့။ သားသူငယ်ချင်းတွေထဲမှာ ဘယ်သူပုံဆွဲတတ်လဲမေးတော့ ဘယ်သူမှမတတ်ဘူး သားတယောက်တည်း တတ်တာတဲ့။ ကြီးကြီးတွေ့ဖူးသမျှ ကလေးတွေထဲမှာ သားသားအတော်ဆုံးပဲ ဘယ်သူနဲ့တူလို့ တော်တာလဲ။ ကြီးကြီးနဲ့တူလို့ သားသားက ကြီးကြီးထက်တော်တယ်တဲ့ မနိုင်တော့ဘူး။ မြှောက်ပေးတဲ့ ကြီးတော်တွေနဲ့ မြှောက်တတ်တဲ့ တူတော်မောင်နဲ့ လိုက်လည်းလိုက်ပါပေတယ်။ ဒီလိုပုံလေးဆွဲပေးပါလားလို့ပြောရင် ကြီးကြီး ဒါပဲရမယ် ထပ်မဆွဲပေးနိုင်ဘူး မပို့ပေးဘူးတဲ့ နိုးဆို နိုး…နိုး…နိုး…နိုး…နိုး ပဲ။ သူချစ်တဲ့ကြီးကြီးဆိုပြီး ထပ်ဆွဲပေးမယ် ထပ်ပို့ပေးမယ် မထင်နဲ့။ အားမနာတတ်တာကတော့ ကိုယ်နဲ့တူတယ်တဲ့။ ကြီးကြီးကို ဖုန်းမခေါ်ဘဲနေလိုက်မှာလို့ ခြိမ်းခြောက်သေးတယ်။ မကြီးနဲ့စကားပြေရင် ချွှဲပြီးစကားမပီတော့ဘူး။ စကားက ကိုယ်တွေထက်များတယ်။ ခဲအိုက ဘယ်လုပ်နေလဲမေးရင် ပုံဆွဲနေတတ်လေ ဘဘရဲ့ ဘဘရော လာလုပ်နေတာလဲနဲ့ တခွန်းမေးရင် ငါးခွန်းလောက် ပြန်ပြောတယ်။ သူနဲ့စကားပြောရင် သူစကားကို နားထောင်ရတာကများများ မနည်းလုပြောရတယ်။ လန်ဒန်တံတားကိုလည်း အရမ်းသဘောကျ သူ‌ဆောက်တာဆိုပဲ။ ရောက်ဖူးချင်တယ်တဲ့ နောက်နှစ် လန်ဒန်၊ ပြင်သစ်၊ အီတလီ၊ ဆွဇ်ဇာလန်သွားရင် လိုက်မလား၊ စတိတ်ကိုလာလည်မလားလို့ ကိုယ်ကမေးတော့ သားသားက ဘယ်မှမသွားဘူး အိမ်မှာပဲနေမှာတဲ့။ ကိုအိမ်ခင် သူ့အမေလို အိမ်ခေါင်းထဲကနေ မထွက်ချင်ဘူး။ အမေကို အရမ်းချစ်တာတော့ သူ့အမေနဲ့တူတာ။ ကိုယ်တို့မောင်နှမတွေက အမေမကပ်ဘူး တနေကုန်အပြင်မှာ ဆော့ကြတာ ထမင်းစားဖို့၊ အိပ်ဖို့ မနည်းခေါ်ရတယ်။ အခု ကြီးလာတော့မှ အမေကပ်ကြတယ်။ မကြီးကိုတော့ ကြီးကြီးစန်းထွန်းက သားသားကို လန်ဒန်လိုက်ဖို့ ခေါ်တယ်တဲ့။ အယ်မလေး  မခေါ်ပါဘူးတော် လိုက်မလားလို့မေးတာပါ။ လန်ဒန်မလိုက် စတိတ်ကိုမလာရင် ကြီးကြီးသက်သာတာပေါ့ သားသားရယ်လို့ပြောပြီး ကိုယ်တို့ညီအစ်မတွေ ရယ်ရသေးတယ်။ လန်ဒန်ကို ဘယ်သူတွေနဲ့ သွားမှာလဲမေးတော့ ဘိုးဘိုး၊ ဘွားဘွား၊ ကြီးကြီးခင်စန်း၊ ကြီးကြီးစန်းထွန်းတဲ့။ သားသားမေမေ မပါဘူးလား မေးတော့ သူက ဘယ်မှမသွားနိုင်ဘူး လိုက်လို့မရဘူးတဲ့။ အရင်တခေါက် အဘိုးအိမ်လာတုန်းက ညဖက် အိမ်ပြန်ချင်တယ်လို့ ပြောတယ်။ ဒီတခေါက်တော့ ကြီးလာလို့လား မသိဘူး အိမ်ပြန်ချင်တယ်လို့ မပြောတော့ဘူး အမေနဲ့ခွဲအိပ်လို့ မရသေးဘူး။

ရပ်ဆွေရပ်မျိုး အသိတယောက်ကလေး မောင်ကြည်အောင် ၄ နှစ်သားကလေး ကိုယ်တို့အိမ်လာရင် ကိုယ်တို့နဲ့မအိပ်ဘူး တယောက်တည်းအိပ်တယ် အာဂကလေး။ ကိုယ်နဲ့နည်းနည်းစိမ်းတယ် မကြီးက ကြီးကြီးစန်းထွန်းက သားသားကို အရမ်းချစ်တာလို့ အမြဲပြောပေးတယ်။ ကျောင်းတက်ရင် ကျူရှင်၊ သူငယ်ချင်းတွေနဲ့ ဆော့တော့မှာ ကိုယ်တို့ကို သတိရတော့မှာ မဟုတ်ဘူး။ သူ စကားပြောချင်ရင် ခေါ်ပါလို့ မကြီးကို ပြောထားတော့ သူပြောချင်တဲ့အခါ ခေါ်တယ်။ ကြီးကြီးစန်းထွန်း ပြတင်းပေါက်ပြတဲ့ ကြီးကြီးပြတင်းပေါက်က သေးသေးလေး အပေါ်မှာ။ မကြီးက တံခါးဖွင့်ပြလိုက်တဲ့ အပြင်မှာမှောင်နေတယ် လမ်းမီးမြင်ရလား ကြီးကြီးတို့ဆီမှာည သားသားတို့ဆီမှာဘာလဲ မနက်။ သူက မကြီးနဲ့စကားပြောရင် ပြတင်းပေါက်ကနေ မြင်ရတဲ့ဟာတွေကို မေးတယ်တဲ့။ ရထားစီးတဲ့အခါ၊ ဘတ်စ်ကားနှစ်ထပ် စီးတဲ့ပုံတွေ ပို့ပေးရင် သိချင်တာ ဘာတွေလဲလို့။ အရင်တုန်းက ဘက်ဘိုး ဘူထိုဇာ ခုတော့ လန်ဒန်တံတား ခရေဇီ။ ကိုယ်တွေမှာလည်း သူစိတ်ဝင်စားမဲ့ဟာလေးတွေ ရှာဖွေထားရတယ်။ သူက ကိုယ်တို့ကို ဖုန်းခေါ်တာ မမြင်ဘူးတာတွေ မြင်ရကြားရလို့။ ရေခဲသေတ္တာထဲမှာ ရှိတဲ့အသီးအနှံတွေပြတော့ စားချင်လိုက်တာတဲ့။ ငတ်ကြီးကျတာကတော့ ကိုယ်နဲ့တူတာ ဓာတ်ပုံမြင်ပြီး သားရေကျနေတော့တာ။ အာကသယာဉ်ပုံပို့ရင် ပြန်ပို့တယ်။ တိုင်တန်းနစ်သင်္ဘောကို သဘောကျနေတယ်။ ဓာတ်ပုံချင်းအတူတူကိုတောင် ကြီးကြီးဆီကပုံက ပိုလှတယ်တဲ့။ ကွာလတီကွာတာ ကလေးတောင် သိတယ်။ တိုင်တန်းနစ်သင်္ဘောအကြာင်း ယူကျူကြည့်ပြီး ပြောပြနေတာများ မသိရင် မြန်မာစာတမ်းထိုးကို ဖတ်ပြီး ပြောပြနေတာလို့ ထင်မယ်။ အမှန်က ငါးနှစ် သူငယ်တန်းတောင် မတက်ရသေးဘူး စာမဖတ်တတ်ဘူး။ တိုင်တန်းနစ် အ‌ကြောင်း ယူကျူမှာဘယ်နှစ်ခေါက်တောင် နားထောင်ထားလဲ မသိဘူး။ အလွတ်ရပြီး မကြီးကို ပြောပြနေတာ သူသိတာတတ်တာကို သူများကို ပြောပြချင်တာတော့ ကိုယ်တို့ဖက်ကိုတူတာ။ မက်ဆင်ဂျာကနေ ပုံတွေကို forward လုပ်တတ်တယ် မကြိုက်ရင် ဖျက်တတ်တယ်။ ဘိုင်ဘာကနေ ခေါ်တတ်တယ် ဘိုင်ဘာမှာ ကြီးကြီးစန်းထွန်းကို မတွေ့ဘူးတဲ့။ ပုံပို့ရင် လက်မ‌ထောင်ပြ အသည်း‌ပေးတတ်‌နေပြီ။ လန်ဒန်တံတားကိုတော့ အင်မတန်စိတ်ဝင်စားတာ။ သင်္ဘောဖြတ်တော့  tower of bridge တံတား နှစ်ပိုင်းချိုးတဲ့ပုံ GIF ပုံကို မကြီးပို့လိုက်တော့ အရမ်းစိတ်ဝင်စားတာ။ လူတွေ၊ တိမ်တွေ ပြေးနေတာ အရုပ်လေးတွေ လှုပ်နေတာကို သဘောကျတယ်တဲ့။ နောက်ကို အဲ့ဒါမျိုးပို့ပေးပါ စိတ်ဝင်စားတယ်တဲ့။ အီဖယ်တာဝါ၊ အီဂျစ်ကပိရမစ်ပုံတွေကို သိပ်စိတ်မဝင်စားဘူး။ ရွှေသွေးဂျာနယ်က ဝက်ကလေးသုံးကောင်၊ ဂျက် အကြောင်း မကြီးပုံပြောပြတာ ကြိုက်တယ်။ သူပုံဆွဲနေရင် မကြီးက ပုံပြောပြတယ်။ ဘိုတွေဟာ ကလေးတွေကို ညအိပ်ရာဝင်တိုင်း ပုံပြောပြတာ အင်မတန်တော်တာပဲ။ ပုံပြင်ကနေ ကလေးတွေကို သင်ပေးနေတာ။ ကြီးတော်တွေက ဘိုဆန်ဆန် သူ့ကိုအတင်းအကြပ် မလုပ်ခိုင်ဘူး respect လေးစားတယ် လူကြီးတယောက်လို ဆက်ဆံတယ်။ နားလည်အောင် ရှင်းပြတယ် ကလေးဆိုပြီး အထင်မသေးနဲ့ နားလည်တယ်။ အိမ်ထဲကနေ အိမ်ပြင်မထွက်တဲ့ အမေနဲ့ ဘာမှသိချင်တတ်ချင်စိတ် မရှိတဲ့အဖေကနေ မွေးလာတဲ့ကလေးက ကိုယ်တို့လိုသိချင်တတ်ချင် စပ်စုချင်တဲ့ကလေးဖြစ်နေတာ အံ့ဩစရာ။ အဘိုးအဘွားရဲ့ မျိုးရိုးဗီဇတွေဟာ သားသမီးဆီမှာမပါရင် မြေးမှာပါတယ်ဆိုတာ မှန်သလားမသိဘူး။ သိချင်တတ်ချင် ပါးနပ်ထက်မြက်တာတွေ  ကိုယ်တွေနဲ့ လာတူနေတော့ ပိုချစ်ရတာပေါ့လေ။

စန်းထွန်း
ဇှုလှိုင် ၃၁၊ ၂၀၂၀။

ဓာတ်ပုံရိုက်တာလည်း မကြိုက်ဘူး ရှားရှားပါးပါး သုံးယောက်ပုံ

ကြီး‌ကြီးခင်စန်း လက်ရာ
မက်ဆင်ဂျာမှာ forward လုပ်တတ်‌နေပြီ
မက်ဆင်ဂျာမှာ လက်မထောင်ပြ အသည်း‌ပေးတတ်‌နေပြီ

အသဲကြားက မဲတပြား...

$
0
0
၂၀၂၀ နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲမှာ မဲပေးခွင့်ရဖို့ ပုံစံ၁၅၊ သန်းခေါင်စာရင်းကော်ဖီ၊ ပတ်စ်ပို့စ်ကော်ပီကို သံရုံးဆီ ဩဂုတ် ၅ ရက်နေ့ မတိုင်မှီပို့ပေးရတယ်။ သံရုံးက ရပြီလို့အီးမေးလ်ပြန်လာတယ် မဲပေးခွင့်ရသူစာရင်းကို အီးမေးလ်နဲ့ အကြောင်းပြန်လိမ့်မယ်။ ကိုယ့်ကတော့ နိုဝင်ဘာ မဲပေးဖို့ ရယ်ဒီပဲ NLD ကိုပဲ မဲပေးမှာပါ။ နယူးယောက်၊ နယူးဂျာဆီ၊ ကွန်နက်တီကပ်ပြည်နယ်ထဲမှာ နေတဲ့သူတွေက နယူးယောက်သံရုံးမှာ လာမဲပေးရမယ်။ တခြားပြည်နယ်မှာ နေတဲ့သူတွေက ဝါရှင်တန်ဒီစီသံရုံးမှာ မဲပေးရမယ်ထင်တယ်။ သံရုံးမှာ လူကိုယ်တိုင် မဲလာပေးရမယ်ဆိုတော့ အဝေးကြီးမှာနေတဲ့သူတွေ ဘယ်လိုလုပ် မဲလာပေးနိုင်မလဲ။ စာတိုက်ကနေပို့လို့ရရင်၊ အင်တာနက်ကနေ မဲပေးလို့ရရင် ကောင်းမယ်နော်လို့ပြောတော့ မကြီးက အမလေး အွန်လိုင်းကနေ မဲပေးဖို့ထား ဘယ်သူ၊ ဘယ်ရပ်ကွက်မှာ နေတယ်ဆိုတာကိုတောင် သံရုံးက ရက်ကွက်ရုံးကို ပြန်မေးရတာတဲ့။ ရန်ကုန်အိမ်မှာ လူမရှိတော့ မဲစာရင်းထဲမပါဘူး ပြန်ပြောထားတယ်။ စင်္ကာပူသံရုံးက မြန်မာပြည် ရပ်ကွက်ရုံးက စာရွက်ပါမှ မဲပေးရမယ်ဆိုလို့ မကြီးယောင်းမက လုပ်ပေးရှာတယ်။ ယောင်းမကို မဲစစ်ပြီးပြီလားမေးတော့ ရုံးမှာကပ်ထားတယ် မကြီးရေတဲ့။ ပြောပုံက မသိရင် မဲစစ်ပြီးတဲ့ပုံ။ မဲစာရင်းမှာပါလားမေးတော့ မစစ်ရသေးဘူးတဲ့။ သွားစစ်ဦး မဲစာရင်းမှာ မပါတာများနေတယ်။ နောက်တနေ့ ကိုယ်ထပ်မေးတော့ စစ်ပြီးပြီ မဲစာရင်းထဲမပါလို့ ပြောထားတယ်တဲ့။ စမ်းချောင်းက ညီမဝမ်းကွဲလေးကတော့ မဲစာရင်းစစ်ပြီးပြီ ပါတယ်တဲ့ အားရပါးရပဲ။ ကိုယ့်ဆွေမျိုး အသိမိတ်ဆွေတွေကို မဲစာရင်းစစ်ဖို့ အသိပေးရတယ်။ မြန်မာပြည်မှာက မဲပေးဖို့ကို tik tok လောက် စိတ်မဝင်စားဘူးတဲ့။ မဲပေးဖို့နီးလာရင် ဒရမ်မာတွေများတယ် ရယ်လည်းရယ်ရ စိတ်လည်းတိုရတယ်။ မဲမပေးရင် ဘာမှဖြစ်သွားမှာ မဟုတ်ဘူးလို့ မတွေးပါနဲ့။ လူတဦးတယောက်ချင်းစီရဲ့ မဲတွေဟာ တန်ဖိုးရှိပါတယ်။ နှမ်းစေ့ပေါင်းများစွာ စုလိုက်ရင် ဆီဖြစ်လာသလို မဲပေါင်းများစွာကြောင့် အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ ကိုယ်တို့တသက်မှာ နှစ်ကြိမ်မြောက် မဲပေးခွင့်ရခြင်းပဲ။ ကိုယ်ကြိုက်တဲ့ပါတီကို မဲပေးရွေးနိုင်ခွင့်ရှိခြင်းဟာ အ‌ခြေခံလူသားအခွင့်အရေးပဲ။ နိုင်ငံကြီးသားပီသစွာနဲ့ တိုင်းပြည်အတွက် အလုပ်လုပ်တဲ့ပါတီကို မဲပေးကြပါစို့။ Time to change… Vote NLD!

စန်းထွန်း
ဩဂုတ် ၇၊ ၂၀၂၀။

Chacaltaya, 5400 meters high, Bolivia. November 6,2019.

Mercenary ...

$
0
0
ဒုတိယကမ္ဘာစစ်တွင်းက အင်္ဂလိပ်စစ်တပ်နဲ့အတူ ပါလာတဲ့ ဂေါ်ရခါးစစ်သားတွေ စစ်တိုက်တော်တဲ့အကြောင်း ကြားဖူးတယ်။ ဆူနမ်ဂူရုန်း၊ အမ်းထရူးဂူရုန်း ဂူရုန်းတွေက စစ်သားအမျိုးအနွှယ်။ ဆူနမ့်အဖေက အိန္ဒိယစစ်တပ်မှာ စစ်မှုထမ်းတော့ ဆူနမ်က အိန္ဒိယမှာနေဖူးတယ်။ အမ်ထရူးအဖေက စင်္ကာပူစစ်တပ်မှာ စစ်မှုထမ်းတော့ အယ်ဂျူးနစ်ကျောင်းမှာ မူလတန်းတက်ဖူးတယ်။ ဆူနမ်၊ အမ်းထရူးက ဂူရုန်းတွေက စစ်သားကောင်းဆိုပြီး သူတို့လူမျိုးကို သိပ်ဂုဏ်ယူတယ်။ အိန္ဒိယစာရေးဆရာ Amitav Gosh ရဲ့ The Glass Palace ဝထ္ထုကို ဆရာနေဝင်းမြင့် ဘာသာပြန်တဲ့ ရေကန်သာကြာတိုင်းအေးဝထ္ထုမှာ ဇာတ်လိုက်စစ်သားက အိန္ဒိယလူမျိုး ဗြိတိသျှစစ်တပ်မှာ တာဝန်ထမ်းနေတယ်။ ဗြိတိသျှတွေကို တော်လှန်ပုန်ကန်တဲ့ဖက်ကို ကူးမလား၊ ဗြိတိသျှတွေကို သစ္စာခံတဲ့ဖက်မှာ နေမလား ဝေခွဲမရဖြစ်တယ်။ ကိုယ့်တိုင်းပြည်အတွက် အသက်ပေးတာမဟုတ်ဘဲ ဗြိတိသျှစစ်တပ်အတွက် စစ်တိုက်‌ပေးနေတော့ mercenary - a soilder who fights for any country or group that pays them ကြေးစားစစ်သားလို့ ခံစားရတယ်တဲ့။ ဆရာနေဝင်းမြင့်ဝထ္ထု ဖတ်တုန်းက ဒီလိုပဲဖတ်လိုက်တာပဲ ဘာမှထူးထူးခြားခြား မတွေးမိဘူး။ The Glass Palace ဝထ္ထုကို အင်္ဂလိပ်လိုဖတ်ပြန်တော့လည်း မတွေးမိဘူး။ တနေ့ အောက်ထပ်က အင်ဂျင်နီယာဌာနမှာ ထမင်းစားနေတုန်း ဂျော်ဒန်ကြီးဂျမားနဲ့ နီပေါကြီးပါရာမိုတို့ အပြန်အလှန် ပြောနေကြတာကြားတယ်။ နီပေါကြီးပါရာမိုက ဂူရုန်းလူမျိုး ဂေါ်ရခါးစစ်သားမျိုးနွယ်ဆိုပြီး ဂုဏ်ယူတယ်။ ဂျမားက ဆောရီးပါရာမို အဲ့ဒါ mercenary လို့ ပြန်ငြင်းတယ်။ ဂျမားက အသက် ၆၀ နီးပါး ဗဟုသုတအတော်ကြွယ်တယ်။ mercenary ကြေးစားစစ်သားဆိုတာ ကိုယ့်ကိုရှင်းပြတယ်။ ဂေါ်ရခါးလူမျိုးဆိုတာ စစ်သားကောင်းတွေလို့ အမြဲသိခဲ့တဲ့ကိုယ်ဟာ The Glass Palace ဝထ္ထုဖတ်တုန်းက ကြေးစားစစ်သားဆိုတာ သိလိုက်ပေမဲ့ ဂျမားပြောတော့မှပဲ အိုး … ဟုတ်တာပဲလို့ တွေးမိတယ်။ ဂေါ်ရခါးတွေကို နှိမ့်ချတဲ့စိတ်နဲ့ရေးတာ မဟုတ်ဘူးနော်။ ဂေါ်ရခါးစစ်သား‌တွေဟာ စစ်သား‌ကောင်းဆိုတာ မငြင်းနိုင်ဘူး။ ‌ကြေးစားစစ်သားလို့ ‌တွေးရင်လည်း မှန်တာပဲ။ Mercenary ဆိုတဲ့စကားလုံးကို မသိခင်တုန်းကနဲ့ သိပြီးတဲ့‌အချိန် အမြင်‌တွေ မတူတော့ဘူးလို့ ‌ပြောချင်တာ။

စန်းထွန်း
ဩဂုတ် ၁၄၊ ၂၀၂၀။

Vinadel Mer, Chile. November 11,2019.

ကွာရန်တင်း - ၂

$
0
0
အိမ်ပြင်မထွက်တာ ငါးလလောက်ရှိပြီ။ တပတ်တခါ မြန်မာဆိုင်က ဟင်းသွားယူတာ၊ မဖြစ်မနေ ဆေးခန်းသွားပြတာလောက်ပဲ သွားဖြစ်တယ်။ ဒါတောင် နယူးယောက်မှာ ကူးစက်နှုန်းတော်တော်ကျနေလို့ အပြင်ထွက်တာ။ လမ်းမလျှောက်ကြာလို့လား မသိဘူး နာရီဝက်လောက် လမ်းလျှောက်တာကို ပင်ပန်းနေတယ်။ မနက် ၂ နာရီလောက်မှအိပ်ပြီး မနက် ၈ နာရီခွဲ အိပ်ယာထ အလုပ်ချိန်တင်၊ Absence Control ကိုအီးမေးလ်ပို့၊ ငှက်စာကျွှေး၊ ဘလက်ကော်ဖီကို ဂီးထည့်သောက်၊ မနက်စာက ပေါင်မုန့်၊ ပေါက်စီ၊ ကောက်ညှင်း၊ မုန့်ဆီကြော်၊ ပဲပြုတ်နံပြား၊ ပလာတာ။ နေ့လည် ၁၂ ခွဲဆို ရေချိုး ထမင်းစား ဖေ့ဘွတ်ကြည့် အလုပ်မများရင် ခဏနား။ ရာသီဥတုပူလို့ တချိန်လုံးပန်ကာ ဖွင့်ထားရတယ်။ နယူးယောက်မှာနေတာ ၆ နှစ်ရှိပြီ ဒီနှစ်အပူဆုံးပဲ။ လှုပ်လိုက်တာနဲ့ ချွှေးဒီးဒီးကျတယ်။ ယောဂလေ့ကျင့်ခန်းမလုပ်ဖြစ်လို့ ဗိုက်ထွက်လာတယ်။ ကီးဘုတ်လည်း မလေ့ကျင့်ဖြစ်ဘူး။ အိပ်ရေးမဝလို့ ည ၆ နာရီ အလုပ်ပြီးရင် တနာရီ၊ နှစ်နာရီလောက် အိပ်ရတယ်။ ဟင်းက တပတ်စာဝယ်ထားတယ် ညဖက်ဆို ထမင်းမစားဘူး အရွက်သုတ်၊ ပဲကြာဇံသုတ်လောက်ပဲ စားဖြစ်တယ်။ ကွာရန်တင်း၂လတုန်းက အရမ်းစားတယ် မဆာလည်းစားနေတာပဲ။ ခုတော့ ပုံမှန်ပြန်ဖြစ်သွားပြီ သိပ်မစားတော့ဘူး။ ယုဇနပန်းတွေ အဆုပ်လိုက်ပွင့်တယ် မွှေးကြိုင်နေတာပဲ။ ညဖက်ဆို အိပ်ခန်းထဲ ပန်းအိုးသယ်လာတယ်။ ပန်းရနံ့လေးတွေ မွှေးအီနေတာ စိတ်ချမ်းသာတယ်။ ယုဇန၊ စံပယ်၊ ဇီဇဝါ မွှေးတဲ့ပန်းကလေးရှိတဲ့ ပန်းခြံလေးလိုချင်တယ်။ အခန်းတိုင်းမှာ ပန်းကလေးတွေ စိုက်ထားမယ်။ မိတ်ဆွေတွေနဲ့ မဆုံတာ အတော်ကြာပြီ အရင်လိုစားသောက် စကားတွေပြောချင်မိသား။ ခရီးထွက်ချင်တယ် ပုံမှန်ဆို နွေရာသီအပတ်တိုင်း ဟိုက်ကင်းထွက်နေကြ ၃လတခါ ခရီးသွားနေကြ။ အသိအစ်ကိုနဲ့သူ့အမျိုးသမီး အပတ်တိုင်း ဟိုက်ကင်းထွက်တာ အားကျမိတယ်။ ကွာရန်တင်းချိန်မှာ နတ်စုနဲ့မိုချီကို သတိရမိတယ်။ ဆံပင်တွေရှည်နေပြီ ခေါင်းလျှော်ခါနီး အုန်းဆီလိမ်းလို့ ဆံပင်ကျွှတ်သက်သာပြီး ဆံပင်ပြန်ထူလာတယ်။ မျက်ခုံးမွှေးကို အုန်းဆီဆွတ်ပေးတာ ထူလာတယ်။ skin care ပိုလုပ်ဖြစ်တယ်။ နွေရာသီရောက်ပြီဆိုတော့ မေရီလန်းပြည်နယ် ချင်းဦးလေးကြီးဆီကနေ ချဉ်ပေါင် ၁၀ ပေါင်မှာတယ်။ ကြိုပြီး တခါစာအထုပ်လေးတွေထုပ်ပြီး ဖရီဇာထဲခဲထားတယ်။ ချဉ်ပေါင်သိပ်ကြိုက်တာ ချဉ်ပေါင်ကြော်နဲ့ဆို တခြားဟင်းမလိုဘူး။ ချဉ်ပေါင်လာခူးလို့ရပြီဆိုပြီး ကြေငြာတဲ့ပို့စ်အောက်မှာ နောက်ဆို apple picking မသွားတော့ဘူး ချဥ်ပေါင် picking ပဲသွားတော့မယ်ဆိုတဲ့ ကွန့်မန့်တွေ့တော့ ရယ်လိုက်ရတာ။ အလုပ်တွေပြုတ်တဲ့သတင်း၊ ကူးစက်နှုန်းတွေ များတဲ့သတင်း no news is good news။ သတင်းမကြည့်လို့မရဘူး နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှုး အမ်းထရူးကူမိုက ဘာတွေပြောတယ်၊ ဘာစည်းကမ်းတွေ ထုတ်တယ်၊ ဘာလိုကာကွယ်ပြင်ဆင်ရမယ်၊ ကာကွယ်ဆေးသတင်းတွေကိုတော့ မဖြစ်မနေ ကြည့်ရတယ်။ Netflix က ရုပ်ရှင်တွေ ကြည့်ဖြစ်တယ်။ new normal life နဲ့ အဆင်ပြေအောင် ကြိုးစားရင်း...

စန်းထွန်း
ဩဂုတ် ၂၁၊ ၂၀၂၀။

ခြင်၊ အမှိုက်၊ ပညာရေး...

$
0
0
ဒီဗွီဒီယိုလေးတွေ ကြည့်ရတဲ့အခါ ပညာရှင်တွေ၊ ရိုက်ကူးထုတ်လုပ် တင်ဆက်တဲ့သူတွေကို ကျေးဇူးတင်မိတယ်၊ မြန်မာပြည်မှာ အဲဒါလေးတွေလုပ်နိုင်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။

ခြင်...
မြန်မာပြည်မှာ ခြင်အင်မတန်ကိုက်တယ်။ တောမှာလည်း ခြင်ကိုက်တယ် မြို့မှာလည်း ခြင်ကိုက်တယ်။ မိုးရာသီ တုပ်ကွေးဆိုရင် တနယ်လုံးက ကလေးတွေ ကွေးကြတော့တာပဲ။ စင်္ကာပူရောက်တော့ ခြင်မရှိ မီးမပျက်တာကို သိပ်သဘောကျတယ်။ စင်္ကာပူမှာလည်း ဒန်းကီး သွေးလွန်တုတ်ကွေးဖြစ်မှာ သိပ်ကြောက်ကြတယ်။ ဟောင်ကောင်၊ မကာအို၊ အင်ဒိုနီးရှားမှာ ခြင်မရှိဘူး။ ဘာလို့ခြင်မရှိတာလည်းလို့ စဥ◌်းစားကြည့်လိုက်တော့ ရေစီးရေလာကောင်းတယ်၊ ရေမြောင်းတွေ ပိတ်ဆို့မှုမရှိဘူး၊ မိုးရွာရင် မြေပြင်ပေါ်မှာ ရေတစက်မှမကျန်ဘူး၊ အမှိုက်မရှိဘူး။ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ ခြင်တွေနဲ့ နှိမ်နင်းတဲ့အကြောင်း ဆောင်းပါးဖတ်ဖူးပေမဲ့  သေသေချာချာ နားမလည်ဘူး။ NAS Daily ရဲ့ဗွီဒီယို ကြည့်ရတဲ့အခါကျမှ သေသေချာချာ နားလည်သွားတော့တယ်။ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ ခြင်အဖိုတွေက လူကိုမကိုက်ဘူး။ အဲ့ဒီခြင်ဖိုတွေနဲ့ ဒန်ကီး၊ ဇီကာဗိုင်းရပ်ပိုး သယ်ဆောင်တဲ့ ခြင်အမတွေ ပေါင်းဖက်ကြတဲ့အခါ ခြင်ကလေးတွေ ထပ်မွေးတော့ဘူး။ ခြင်ကိုခြင်နဲ့ နှိမ်နင်းတဲ့နည်း ဘယ်လောက်ကောင်းတဲ့နည်းလဲ။ ဒီဗွီဒီယိုကြည့်ရတဲ့အခါ မြန်မာပြည်မှာ အဲ့ဒီလိုလုပ်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။



အမှိုက်...
မြန်မာပြည်မှာ အမှိုက်အင်မတန်ပေါတယ်။ အမှိုက်ကို စနစ်တကျပစ်ဖို့ မသွန်သင်ဘူး။ စည်းကမ်းမဲ့ တွေ့ရာနေရာ အမှိုက်ပစ်လိုက်ကြတာပဲ။ လူတွေ စည်းကမ်းတကျ အမှိုက်ပစ်အောင် စည်ပင်ကလည်း မလုပ်ပေးဘူး။ နေရာတိုင်းမှာ အမှိုက်ပုံးမရှိဘူး၊ စည်ပင်က အမှိုက်ကိုလည်း စနစ်တကျ မသိမ်းဆည်းနိုင်ဘူး။ စင်္ကာပူရောက်တော့ အမှိုက်မရှိ နေရာတိုင်းမှာ သန့်ရှင်းသပ်ရပ် သစ်ပင်တွေနဲ့ စိမ်းလန်းနေတာကို သဘောကျတယ်။ တခြားနိုင်ငံသွားတော့ စင်္ကာပူလောက် မသန့်ရှင်းပေမဲ့ ကိုယ့်နိုင်ငံထက်တော့ အများကြီးသာတာပဲ။ စင်္ကာပူစည်ပင် အမှိုက်‌တွေကို ဘယ်လိုထိန်းသိမ်းတယ်ဆိုတာ လေ့လာချင်လိုက်တာလို့ အဲဒီမှာနေတုန်းက တွေးမိတယ်။ NAS Daily ရဲ့ ဗွီဒီယိုတွေ့တော့ သဘောကျလိုက်တာ အမှိုက်ကနေ လျှပ်စစ်ဓာတ်အားထုတ် စွန့်ပစ်အမှိုက်နဲ့ ကျွှန်းဆောက်။ အမှိုက်စက်ရုံကနေ ထွက်လာတဲ့လေက သန့်ရှင်းတယ်။ အမှိုက်စွန့်ပစ်တဲ့ကျွှန်းနားမှာ အပင်‌တွေနဲ့ စိမ်းလန်းတယ်။ မြန်မာပြည်မှာ အဲ့ဒီလိုလုပ်နိုင်ရင် သိပ်ကောင်းမှာပဲ။ ကန်တက်ကီပြည်နယ်မှာ အလုပ်လုပ်တဲ့ကုမ္ပဏီက သဘာဝဓာတ်ငွေ့နဲ့ လျှပ်စစ်ဓာတ်အားထုတ်တဲ့ကုမ္ပဏီ။ မြန်မာပြည်မှာ သဘာဝဓာတ်ငွေ့တွေ အများကြီး သဘာဝဓာတ်‌ငွေ့သုံး လျှပ်စစ်ဓာတ်အား‌ပေးရုံ ဆောက်ရင်ကောင်းမှာပဲလို့ တွေးမိတယ်။ တိုင်းပြည်တိုးတက်ဖို့ လျှပ်စစ်ဓာတ်အား လုံလောက်စွာရဖို့က အင်မတန်အရေးပါတယ်။ အသိအင်ဂျင်နီယာအန်ကယ်ကြီးကို မေးကြည့်တော့ မြန်မာပြည်မှာ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ တာဝါတိုင်တွေ အများကြီးရှိဖို့လိုတယ်တဲ့။ မနေ့က ဂျာမနီ DW Documentary ရဲ့ green enery အကြောင်း ကြည့်လိုက်ရတယ်။ ဆိုလာ၊ လေရဟတ်၊ နျူးကလီးယား ဓာတ်ပေါင်းဖို၊ နိုင်ငံခြားကနေဝယ်တဲ့ လျှပ်စစ်ဓာတ်အားတွေနဲ့ ဂျာမနီဟာ နောင်ဆယ်နှစ်မှာ တနိုင်ငံလုံး green enery ဖြစ်ဖို့ကြိုးပမ်းနေပါတယ်တဲ့။



ပညာရေး..
ဒီဗွီဒီယိုလေးကြည့်ရတဲ့အခါ ဂျပန်ပညာရေးစနစ်ကို အင်မတန်သဘောကျမိတယ်။ ဂျပန်ကလေးတွေ ရထားနှစ်ဆင့်၊ သုံးဆင့်စီးပြီး ကိုယ့်ဘာသာကျောင်းသွား၊ ကျောင်းမှာ သန့်ရှင်းရေးလုပ်၊ နေ့လည်စာအတွက် ကူညီလုပ်ဆောင်ပေးကြတာကို မြင်ရတဲ့အခါ မြန်မာပြည်ကျောင်းတွေမှာ အဲ့ဒီလိုသင်ပေးရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။ အမေရိကန်ပညာရေးစနစ်က ကောင်းတော့ကောင်းပါရဲ့ ကလေးတွေကို နည်းနည်းကာကွယ်လွန်းတယ်။ စတိတ်မှာတော့ ၈နှစ်၊ ၉ နှစ်အရွယ်ကလေးတွေ မိဘနဲ့အတူမရှိရင် မိဘကို ရဲက တစ်ကဒ်ပေးတယ်။ သဘာဝဘေးအန္တရာယ်ကြုံလို့ လူစုလူဝေးရင် အမှိုက်တစမှမကျန်အောင် စည်းကမ်းကြီးတဲ့ ဂျပန်လူမျိုးကို လေးစားမိတယ်။

မနေ့က မြန်မာပြည်မှာ ဘာမကြိုက်တာရှိလဲလို့ နိုင်ငံခြားတွေကိုမေးတော့ တံတွေးတပစ်ပစ်ထွေးတာ၊ အချိန်မလေးစားတာ၊ အစည်းအဝေးမှာ အကြံညဏ်ထင်မြင်ချက် မပေးတာတဲ့။ အများဆုံးကတော့ တံထွေးထွေးတာ။ မြန်မာပြည်မှာ ယောက်ျားလေးတော်တော်များများ တံထွေးထွေးကြတော့ ဘာလိုမှထူးထူးခြားခြား ခံစားရမှာမဟုတ်ဘူး။ ကိုယ့်ဘေးပတ်ဝန်းကျင်မှာ တံထွေးလာထွေးရင် အင်မတန်ရွံဖို့ကောင်းတယ်။ တံထွေးထွေးတာ၊ စည်းကမ်းမဲ့ အမှိုက်ပစ်တာ၊ အချိန်မလေးစားတာ ပြင်ဖို့လိုတယ်။ အစည်းအဝေးမှာ အကြံညဏ်တွေ မတင်ပြတာကတော့ ပညာရေးနဲ့ဆိုင်ပါတယ်။ မေးခွန်းမေးရဲတဲ့အကျင့်၊ ကိုယ့်အတွေးအခေါ်၊ အကြံညဏ်တွေ တင်ပြရဲအောင်၊ စုပေါင်းလုပ်တတ်အောင် ကျောင်းမှာကတည်းက သင်ပေးဖို့လိုတယ်။ ခေါင်းဆောင် နမူနာပြ၊ မီဒီယာတွေနဲ့ ပညာ‌ပေး၊ ပြည်သူ‌တွေကလည်း လိုက်လုပ်ဖို့လိုတယ်။ ကိုဗစ်ဖြစ်တော့ အစိုးရက မတ်စ်တပ်ပါလို့ ဘယ်လိုပဲအမိန့်ထုတ်ထုတ် ပြည်သူတွေက ပူးပေါင်းပါဝင်မှုမရှိရင် အလကားပဲ။ မတ်စ်မတပ်ရင်၊ စည်းကမ်းမလိုက်နာရင် ဥပဒေနဲ့ ထိန်းချုပ်ရတာပေါ့လေ။ ဝိုင်း ဗီယက်နမ်ပြည်သူ့လွှတ်တော်မှာ အလုပ်လုပ်တုန်းက ရုံးဖုန်းကို ကိုယ်ရေးကိုယ်တာ ကိစ္စအတွက် သုံးတယ်။ နိုင်ငံခြားရောက်တော့မှ ရုံးဖုန်းကို ကိုယ်ရေးကိုယ်တာကိစ္စအတွက် မသုံးသင့်ဘူးဆိုတာ သိတယ်တဲ့။ ဗီယက်နမ်မှာ တော်တော်များများ ရုံးဖုန်းကို ကိုယ်ရေးကိုယ်တာအတွက် သုံးကြတော့ သူများသုံးသလို လိုက်သုံးလိုက်တာပဲတဲ့။ ခွေးအကြောင်းဆောင်းပါးတပုဒ် ဖတ်ဖူးတယ် ဘယ်မှာဖတ်လိုက်မှန်း မမှတ်မိတော့ဘူး။ ဂျာမန်ခွေးဆိုရင် ရဲခွေးလို့သိကြတယ် မြန်မာခွေးကို ရဲခွေးလို လေ့ကျင့်ပေးလို့ မရဘူးလားလို့ လေ့ကျင့်ပေးသူကို မေးကြည့်တော့ မြန်မာခွေးက ညဏ်ကောင်းတယ်၊ သင်လွယ်တတ်လွယ်တယ်၊ ဒါပေမဲ့ စည်းကမ်းမရှိဘူးတဲ့။ ခွေးလို သဘောထားတော့ ခွေးလိုပဲခိုင်းလို့ရတယ်တဲ့။ ဂျာမန်ခွေးကို ရဲတယောက်လို သဘောထား၊ လေးစားမှုနဲ့ ဆက်ဆံတော့ ရဲတယောက်လို ခိုင်းလို့ရတယ်တဲ့။ မြန်မာခွေးကို ဂျာမန်ခွေးလို ပြုမူဆက်ဆံပေးရင် အနှစ်နှစ်ဆယ်ကြာတဲ့အခါ ဂျာမန်ခွေးလို ဖြစ်လာနိုင်ပါတယ်တဲ့။ ပြောချင်တာက အမူအကျင့်တွေ ပြုပြင်သွားရင် အနှစ်နှစ်ဆယ်ကြာတဲ့အခါ နိုင်ငံကြီးသား ဖြစ်လာမဲ့သဘော။

စန်းထွန်း
ဩဂုတ် ၂၈၊ ၂၀၂၀။
Credit to Nas Daily, CafCu Media, original unloaders.


ဝေးနေရက်နဲ့ နီးတဲ့သူ - ၂ …

$
0
0
ကိုဗစ်မဖြစ်ခင် ပုံ့ပုံ့ မြန်မာပြည်ကို အပြီးပြန်သွားပြီးကတည်းက အဆက်အသွယ်ပြတ်သွားတာ ခြောက်လအတွင်း ဘိုင်ဘာကနေ နှစ်ခါလောက်ပဲ စကားပြောဖြစ်တော့တယ်။ ဒါတောင် အဖေတို့အတွက် လူကြုံထည့်ပေးလိုက်တဲ့ ပစ္စည်းတွေကို ပဲခူးကနေရန်ကုန်ကို ဘယ်လိုထည့်ပေးရမလဲ အရေးကြီးလို့။ အင်တာနက်ကောင်းတဲ့ စတိတ်မှာနေတုန်းကတောင် ဖုန်းတခြားလူတခြားဆိုတော့ အင်တာနက်သိပ်မကောင်းတဲ့ မြန်မာပြည်ကိုလည်းရောက်တော့ ပုံ့ပုံ့တို့များ ဖုန်းမကိုင်တော့သလောက်ဘဲ။ မှာချင်တာတွေ ဘိုင်ဘာမှာစာရိုက်ထား သူဘိုင်ဘာကို တက်လာမှပဲ ပြောရတော့တယ်။ ပုံ့ပုံ့နဲ့ ကိုယ်က ၂၀၀၅ မာစတာတက်တော့ သိကြတာ။ ပုံ့ပုံ့တို့က ပဲခူးသူတွေ တောင်ငူမှာတက်ရတယ် မာစတာရောက်တော့ ရန်ကုန်မှာလာတက်ရတယ်။ သီရေတာမှာ သူတို့က အလယ်တန်းရှေ့ဆုံးခုံမှာထိုင်ပြီး ကိုယ်တို့အုပ်စုက ဘယ်ဖက်နှစ်တန်းမြောက်မှာ ထိုင်တယ်။ ထောက်ကြံ့က ကိုယ့်သူငယ်ချင်းကို ကျောင်းကားတူတဲ့ သရဲမလို့ကိုယ်တို့ခေါ်တဲ့ ကောင်လေးက လာ,လာစတယ်။ ကိုယ့်သူငယ်ချင်းက သဘောမနောကောင်း ဘာမှပြန်မပြောဘူး။ ကိုယ်ကသာ ဘေးကနေ မနေနိုင်မထိုင်နိုင် ကက်ကက်လန်အောင် ရန်တွေ့တယ်။ ပုံ့ပုံ့က သရဲမကို ခရှက်စ်နေတာ ကိုယ့်ကိုလာမေးတယ် သရဲမနဲ့ဘယ်လိုလဲတဲ့။ ဘယ်လိုမှမနေဘူး ငါ့သူငယ်ချင်းကို လာ,လာစနေလို့ဟေ့။ အောင်ကြီးသူငယ်ချင်း ဘကြီးနဲ့နည်းနည်းခင်တယ် ဘကြီးက ကိုယ်တို့ကိုစာသင်ပေးတယ်။ အပေါက်ဆိုးတဲ့ဘကြီးကို အက်ပီတန်ဝိတ်ဂိမ်း မင်းသားလုပ်လို့ရပြီဆိုပြီး ကိုယ်ကပြန်နှက်တယ်။ ပုံ့ပုံ့သူငယ်ချင်းက ဘကြီးကိုခရှက်စ်နေတယ် ကိုယ့်ကိုလာမေးတယ် ဘကြီးနဲ့ဘယ်လိုလဲတဲ့။ ဘယ်လိုမှမနေဘူးဟေ့ ဒင်းကငါ့သူငယ်ချင်းတွေကို နှက်နေလို့ ပြန်နှက်နေတာ။ အဲ့ဒီလို စွံတယ်လို့ထင်ကြတယ်။ မာစတာမှာ ကျောင်းသားကျောင်းသူ တရာကျော်တယ် တခန်းတည်းတက်ရတာဆိုတော့ သိနေကြတာပေါ့။ ၂၀၀၈ စင်္ကာပူမှာကျောင်းလာတက်တော့ ပဲခူးသူဘနဲ့ တဖွဲ့တည်း၊ အိမ်နီးနားချင်း။ ပုံ့ပုံ့က ကိုယ့်ထက်တစ်နှစ်နောက်ကျပြီးမှ စင်္ကာပူကျောင်း လာတက်တယ်။ coding မရေးတတ်ရင် ဘဆီပြေးပြီး အကူအညီတောင်းနေကျဆိုတော့ ဘအိမ်မှာနေတဲ့ ပုံ့ပုံ့နဲ့ဆုံပြန်တယ်။ ဆယ်နှစ်ကြာတဲ့အခါ စတိတ်က ကိုယ်တက်တဲ့ကျောင်းမှာ လာတက်တယ်။ မင်းကိုယ့်နောက်များ လိုက်နေတာလား‌လို့မေးတော့ မရည်ရွယ်ပါဘူးတဲ့။ ကိုယ်ကဖေ့ဘွတ်ကနေ ဆက်သွယ်တော့မှ အဆက်အသွယ်ရပြီး စကားတွေပြောရင်းနဲ့ ခင်သွားလိုက်ကြတာ နောက်ဆိုတပတ်တခါ တနာရီကျော်ဖုန်းပြောကြတယ်။ တက်ခဲ့တဲ့တက္ကသိုလ်တွေတူ၊ ကိုယ့်သူငယ်ချင်းသူသိ၊ သူ့သူငယ်ချင်းကိုယ်သိ၊ အတွေးအခေါ်၊ အယူအဆ၊ စိတ်ဓာတ်တူ၊ တရားထိုင်တာ စိတ်ဝင်စားတာလည်းတူလို့ ငယ်ပေါင်းကြီးဖော်လို ခင်သွားကြတယ်။ နယူးဂျာစီ၊ နယူးယောက်က ကိုယ်နေခဲ့တဲ့အိမ်တွေကို အများဆုံးရောက်ဖူးတဲ့သူ။ ကိုယ်က ဂရင်းကဒ်ရပြီးမှ ပြန်စေချင်ပေမဲ့ သူကဆုံးဖြတ်ချက် ချပြီး‌နေပြီ ဘယ်လိုနားချချ မရတော့ဘူး။ အဖေ၊ အမေ၊ မကြီးက သဘောကောင်းပြီး ရိုးသားတဲ့ပုံ့ပုံ့ကို ချစ်ကြတယ်။ ဘယ်တော့ပြန်ဆုံမယ်မှန်းမသိ ဖုန်းမပြောစကားမပြော ဖေ့ဘွတ်မှာမတွေ့ မိုင်သောင်းချီဝေးပေမဲ့ စိတ်ထဲမှာနီးနေတုန်း။ နီးနေရက်နဲ့ ဝေးတဲ့သူ၊ ဆုံနေလျက်နဲ့ လွမ်းတဲ့သူရှိသလို ဝေးနေရက်နဲ့ နီးတဲ့သူလည်းရှိတယ်။

စန်းထွန်း
စက်တင်ဘာ ၄၊ ၂၀၂၀။

၂၀၁၉ ဇွန် ယူအန်
၂၀၁၆ ဇွန် တိုင်းစကွဲ နယူးယောက်
၂၀၀၉ စက်တင်ဘာ NUS ISS SA 29 Graduation Day
ဘယ်အစွန် ဒုတိယမြောက်က ပုံ့ပုံ့ ၊ ‌လေးယောက်မြောက်က စန်းထွန်း

အယ်ဘနီသွား တောလား - ၃

$
0
0
စက်တင်ဘာ ၇ လေဘာဒေးပိတ်ရက် မခိုင်၊ မမီးတို့နဲ့ဆုံဖို့ ချိန်းထားတာ ပျက်သွားတယ်။ ဒီတော့လည်း ပိတ်ရက်မှာ အတိုးချပြီး အိပ်ရတာပေါ့‌လေ။ မနက် ၂ နာရီလောက်မှအိပ်ပြီး မနက် ၈ နာရီခွဲမှထ Fibit က မဆိုးပါဘူးလို့ပြောပေမဲ့ အိပ်ရေးမဝသလိုဘဲ။ ပိတ်ရက်ဆို မနက် ၈ နာရီခွဲထ ငှက်တွေကို အစာကျွှေးပြီးရင်ပြန်အိပ်။ နေ့လည် ၁ နာရီလောက်မှ ဗိုက်ဆာလို့ ထစားတယ်။ ပိတ်ရက်မှာတော့ အိပ်ရေးဝတယ်။ အယ်ဘနီကအစ်မ မမီက လာလည်ပါလားလို့ ဖိတ်တာနဲ့ သွားဖြစ်သွားတယ်။ အစကတော့ ဆောင်းဦးရောက်မှ သွားလည်မလို့ အအေး‌ကြောက်ရင် အခုလာနော်တဲ့။ အယ်ဘနီက နယူးယောက်ပြည်နယ်ရဲ့မြို့တော် နယူးယောက်မြို့ရဲ့မြောက်ဖက်စူစူး မိုင် ၁၅၀ ဝေးတယ်။ ဘတ်စ်ကားဆို သုံးနာရီလောက်စီးရပြီး ရထားနဲ့ဆို နှစ်နာရီခွဲလောက်စီးရတယ်။ ရထားခစျေးသက်သာတာနဲ့ Amtrak ရထားရွေးလိုက်တယ်။ ၂၀၁၇ အဖေတို့လာတုန်းက ဝါရှင်တန်ဒီစီကိုသွားတော့ Amtrak ရထားစီးဖူးတယ်။ စနေနေ့ နေ့လည် ၁ နာရီသွား တနင်္လာနေ့မနက် ၁၀ နာရီ ပြန်မယ်။ မမီနဲ့ ရန်ကုန်မှာမဆုံဖူးဘူး မမီညီမ မနီက မကြီး အချစ်ဆုံးသူငယ်ချင်းရဲ့ အချစ်ဆုံးသူငယ်ချင်း။ မနီနဲ့ကတော့ သိလာတာ ၂၀၀၀ ကတည်းက။ စတိတ်ကိုလာမယ်ဆိုတော့ မမီနဲ့ဖုန်းပြောဖြစ်သေးတယ် လေဆိပ်မှာ ဖိနပ်ချွှတ်ရလိမ့်မယ်လို့ ဘာတို့ပြောပြတယ်။ ၂၀၁၅ မှာ မမီ နယူးယောက်လာတော့ တိုင်းစကွဲမှာ တခါဆုံဖူးတယ်။ ၂၀၁၆ အယ်ဘနီကို တရုတ်တိုးနဲ့ဝင်လည်တော့ မမီက သူ့အိမ်ကိုဝင်လည်ဖို့ ဖိတ်တယ်။ ကြုံရင်ကြုံသလို သူ့ဆီလာလည်ဖို့ ဖိတ်တယ်။ တရုတ်တိုးနဲ့ အယ်ဘနီမြို့လည်ပန်းခြံထဲက ကျူးလစ်ပန်းခင်းမှာ ဓာတ်ပုံရိုက်တယ်။ စတိတ်ကယ်ပီတယ်အဆောက်အဦးက ပိတ်ရက်မို့လို့ ပိတ်ထားတယ်။ ဒီတော့ အပြင်ကနေပဲ ဓာတ်ပုံရိုက်ခဲ့ရတယ် အတွင်းမှာ အတော်လှတယ်တဲ့။ ပြတိုက်က အင်မတန်ကောင်းတယ် ဒုတိယကမ္ဘာစစ်တုန်းက စစ်သ​ေင်္ဘာကို သွားလည်တယ်။ ရေမြုပ်ပုံးတွေ ဘယ်လိုချလဲ၊ အခန်းကျဉ်းလေးထဲမှာ ရေတပ်သားတွေ ဘယ်လိုနေထိုင်ကျလဲဆိုတာ ပြသထားတယ်။၂၀၁၇ မကြီး စတိတ်လာတော့ မနီလည်း စတိတ်ကို လာလည်တယ်။ ဆုံဖို့တောင် ချိန်းကြသေးတယ် မမီတို့ညီအစ်မတွေ ခရီးတွေ‌တောက်‌လျှောက် ထွက်‌နေတာနဲ့ မတွေ့ဖြစ်ဘူး။ ၂၀၁၉ ဇွှန် မောင်မောင့်အသုဘ မနီ၊ မသန္တာ မကြီးသူငယ်ချင်းတွေ လာကြတယ်။  အခု မနီ စတိတ်ကိုရောက်နေတော့ တွေ့ချင်နေတာရော၊ အိမ်ပြင်မထွက်တာလည်း ၆ လရှိပြီ၊ နယူးယောက်မှာ ကိုဗစ်ကိုထိန်းနိုင်တုန်းမို့ သွားဖြစ်လိုက်တယ်။ အိမ်ပြင်မထွက်တာ ကြာလို့လားမသိဘူး သစ်ရွက်စိမ်းစိမ်းလေးတွေ၊ ရထားလမ်းဘေးတလျှောက် မြင်ရတဲ့ဟက်ဆန်မြစ်၊ တောတောင်ရေမြေ စိမ်းညှို့ညှို့ကို မြင်ရတာနဲ့တင် စိတ်အပြောင်းအလဲဖြစ်ပြီး ပျော်လိုက်တာ။ ရောက်တာနဲ့ မမီအသိအိမ်မှာ မွေးနေ့ပွဲ သွားစားတယ်။ မြန်မာအစားအစာတွေ မစားရတာကြာပြီမို့လို့ အတော်စားကောင်းတယ်။ တွေ့ဆုံရတဲ့သူတွေကလည်း သဘောကောင်းကြတယ်။ အိမ်တွေက အကျယ်ကြီး ခရမ်းချဉ်သီး၊ သခွား၊ ငရုတ်၊ ဟင်းနုနွယ်၊ kale၊ ဖရဲ၊ ချဉ်ပေါင်ပင်တွေက ရှင်လိုက်တာ။ အဖေနဲ့အမေဆိုရင် သဘောကျမှာ ဘယ်လောက်တောင် စိုက်လိုက်ကြမလဲမသိဘူး။ ရေကူးကန်ရှိတယ် မကြီးအကြိုက်ပဲ နွေရာသီဆိုရင် ရေကူးကန်ထဲက တက်တော့မှာ မဟုတ်ဘူး။

သစ်ပင်အောက်မှာ ဒန်း၊ သစ်ပင်နှစ်ပင်ကြားက hammock အဝတ်ဒန်းလေးကို သဘောကြလိုက်တာ။ အိမ်ရှေ့မြက်ခင်းပြင်က စိမ်းနေတာပဲ။ ပိတ်ရက်ဆိုရင် မြက်ခင်းပြင်ပေါ် ဖျာလေးခင်းပြီး စာဖတ်နေမှာ။ မြို့လေးကို သဘောကျသွားတယ် အငြိမ်းစားယူရင် လာနေမယ်လို့တောင် တွေးမိတယ်။ အခုပီအေအလုပ်အော်ဖာမရခင် အလုပ်အော်ဖာတခုရဖူးတယ်။ ဂရမ်းစင်ထရမ်မီးရထားရုံနားက အင်ပါယာစတိတ်ကိုအော်ပိုရေးရှင်းမှာ။ အလုပ်‌အော်ဖာကို လက်ခံပြီးမှ ပီအေ‌အော်ဖာရလို့ ငြင်းလိုက်တာ။ အဲ့ဒီရုံးက ဝိုင်းအိမ် အလုပ်နားမှာ ဝိုင်း‌ရေ အင်တာဗျူးဖြေနိုင်တယ်ကွ အလုပ်‌‌အော်ဖာရလို့က‌တော့ ‌ဝိုင်းနဲ့ နေလည်စာအတူထွက်စား၊ ရုံးဆင်းချိန်လျှောက်လိမ့်နဲ့ နှစ်‌ယောက်သား တတွဲတွဲ‌နေမှာ။ အင်တာ‌ဗျူးမှာ နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှုး အမ်းထရူးကူမိုအတွက် အလုပ်လုပ်ပေးရတော့ လိုအပ်ရင် အယ်ဘနီမှာ သွားလုပ်ပေးရမယ်လို့ ပြောဖူးတယ်။ မမီက အစိုးရရုံးမှာလုပ်တော့ အင်ပါယာစတိတ်ကိုအော်ပိုရေးရှင်းကိုသိတယ်။ အင်ဒီယန်း‌လေဒါလယ်တော ပန်းသီးခြံကို သွားလည်တယ်။ လူတွေအများကြီး လာတဲ့နေရာဆို‌တော့ မတ်စ်တပ်ရတယ်။ ပန်းသီးဆိုင်ဒါဒိုးနတ် စားကောင်းတယ် ပန်းသီးဆိုင်ဒါဖျော်ရည်ကတော့ ချဉ်တယ်။ အစကတော့ ပန်းသီးခူးမလားလို့ ကိုယ်က နယူးဂျာဆီပြည်နယ် ပရင်စတန်ဖက်မှာ ပန်းသီးခူးဖူးတယ်။ ကိုယ်တိုင်ခူးတဲ့ ပန်းသီးတပေါင်စျေးက ဆိုင်မှာရောင်းတဲ့စျေးထက် နှစ်ဆကြီးတယ်။ ပန်းသီးခူးရင်း စားမှာကိုပါ တွက်ချက်ထားတာကိုး။ ပန်းသီးခူးရင် တလုံးထက်အပြင် မစားနိုင်ပါဘူး။ ဘလူးဘယ်ရီ၊ စတော်ဘယ်ရီခူးရင်‌တော့ ဗိုက်ထဲရောက်တာ ခပ်များများ။ ၂၀၁၉ ‌နွေရာသီ နယူး‌ယောက်အပ်စတိတ်ဖက်မှာ ဘယ်ရီခူးမယ်ဆိုတော့ ဆူနမ်က ဝိုင်းကိုမှာတယ်။ ဘယ်ရီခူးရင် စန်းစန်းကို သတိ‌ပေး ဝိုင်း ဒင်းက ခြင်း‌တောင်းထဲထည့်တာနည်းနည်း ပါးစပ်ထဲထည့်တာများများ။ ခြင်းတောင်းထဲမှာ‌တော့ တပေါင်‌လောက်ပဲ သူ့ဗိုက်ထဲနှစ်‌‌ပေါင်လောက် ထည့်လာလိမ့်မယ်လို့‌ပြောပြီး ရယ်ရသေးတယ်။ အဲ့ဒီလို ဆူနမ်က ကိုယ်ယ့်အကြောင်း ကောင်း‌ကောင်းသိတယ်။ ဝယ်လာတဲ့ပန်းသီးဒိုးနတ်စား၊ ပန်းသီးဆိုင်ဒါဖျော်ရည်သောက်၊ လမ်းတပတ်လျှောက်ကြတယ်။ မကြီးက ကိုယ်ဝတ်ထားတဲ့ဂါဝန်က ကြီးနေတယ်လို့ မထင်ဘူးလားတဲ့။ ပွပွကြီး စတိုင်မကျဘူးဆိုတာသိတယ်။ အသက်ကြီးလာလို့လားမသိဘူး ခန္ဓာကိုယ်ကွက်ထိ ဖြစ်နေတာထက် ခပ်ပွပွလေး သက်တောင့်သက်တာ ဖြစ်နေတာကို ပိုကြိုက်တယ်။ ခရီးသွားချိန်၊ စျေးဝယ်ထွက်ချိန် ဝတ်ဖို့ဝယ်ထားတာ ပွနေမှန်း စတိုင်မကျမှန်းသိတယ်။ ညနေစောင်း မမီအိမ်မှာအလှုလုပ်တော့ မိတ်ဆွေတွေအများကြီးလာကြတယ်။ လာတဲ့မိတ်ဆွေတွေထဲမှာ အန်ကယ်ကြီးတယောက်နဲ့က မေရီလန်းမှာ သိဖူးတယ်။ အပြင်မှာလူချင်း မမြင်ဖူးဘူး ဖုန်းပဲပြောဖြစ်တာ ခုမှလူချင်းဆုံတော့တယ်။ ၂၀၁၃ ဒီဇင်ဘာ နယူးယောက်မှာအလုပ်ရလို့ အိမ်ရှာတော့ အသိအစ်မရဲ့ မိတ်ဆွေရဲ့ မိတ်ဆွေ အန်ကယ်ကြီးက နယူးယောက်က သူ့မိတ်ဆွေတွေကို လှမ်းမေးပေးတယ်။ စကားပြောရတာ အင်မတန်ကောင်းလို့ နှစ်နာရီလောက်ပြောဖြစ်တယ်။ သူ့မိတ်ဆွေကိုယ်သိ ကိုယ့်မိတ်ဆွေသူသိနဲ့ ကမ္ဘာကြီးက အမှန်တော့ ကျဉ်းကျဉ်းလေး။ နောက်နေ့မနက် ၆ နာရီခွဲ မမီက ဟိုက်ကင်းထရေးလမ်း လိုက်ပို့ပေးမလို့ ကိုယ်ကမနိုးဘူး။ မမီလက်ဆောင်ပေးလိုက်တဲ့ ပန်းသီးဒိုးနတ်ထုပ်ယူပြီး ပြန်လာတယ်။ ခရီးထွက်လိုက်တော့ စိတ်အပြောင်းအလဲဖြစ် ပျော်ရွှင်ရပါတယ်။

Happy Traveling!
စန်းထွန်း
စက်တင်ဘာ ၁၁၊ ၂၀၂၀။

ရေးပြီးတာ‌တွေက
အယ်ဘနီသွား တောလား - ၁
အယ်ဘနီသွား တောလား - ၂



ကွာရန်တင်း - ၃

$
0
0
အိမ်ပြင်မထွက်တာ ၆ လလောက်ရှိပြီ။ မနက် ၂ နာရီလောက်မှအိပ်ပြီး ၈ နာရီခွဲထတယ်။ Fibit မှာ မဆိုးဘူးလို့ ပြောပေမဲ့ အိပ်ရေးမဝသလိုဘဲ။ အိပ်ရေးမဝလို့ မျက်နှာက ချောင်ကျနေတယ်။ အစပိုင်းတုန်းက အရမ်းစားပေမဲ့ ခုသိပ်မစားတော့ဘူး ၂ ပေါင် ဝိတ်တက်တယ်။ မနက်တိုင်း ငှက်စာကျွှေး၊ ငှက်ရေခွက်ထဲရေထည့်ပြီး ငှက်တွေကို ရေတိုက်တယ်။ ငှက်တွေက အစာကျွှေးတဲ့သူကို သိတယ်။ အစာကျွှေးတဲ့သူ အိပ်ယာကမထသေးရင် အခန်းနားမှာ ကျွှတ်စီကျွှတ်စီ အသံလာပေးတယ် ထပါတော့ အစာလာကျွှေးပါတော့ဗျို့တို့ ဘာတို့နေမှာပါလေ။မကြီးအခန်းနဲ့ကပ်လျက်ကို မကြီးအခန်းပြတင်းပေါက်ကိုတော့ မလာဘူး။ မနက်ဖက် ကိုယ်ထွက်လာတာနဲ့ ကျွှတ်စီကျွှတ်စီ အသံပေးကြတော့တာပဲ။ ဘယ်သူရေ ဘယ်ဝါရေ ဒီမှာအစားကျွှေးနေပြီလို့ သူ့အပေါင်းအသင်းတွေကို ခေါ်ကြဟန်တူတယ်။ ရဲတဲ့တကောင်ဆို အနားဆီပျံဝဲပြီးတော့ကို ကြိုတယ်။ စနေနေ့ညနေဆိုရင် အိမ်နဲ့ ၁၅ မိနစ်အဝေးက ဟင်မှားချက်ထားတဲ့အန်တဲ့တီအိမ်မှာ ဟင်းသွားယူတယ်။ ခုတော့တခါတလေ စျေးသွားဝယ်တယ်။ နယူးယောက်မှာ ကိုဗစ်အရမ်းဖြစ်တုန်းကဆိုရင် instacart ကနေ ပစ္စည်းတွေမှာတယ်။ ခုတော့ နယူးယောက်မှာ ရောဂါကူးစက်နှုန်း ၁% အောက်မို့လို့ ဆေးခန်းသွားပြရဲတယ်။ ကူးစက်နှုန်းတက်လာရင် အပြင်မထွက်တော့ဘူး အိမ်တွင်းအောင်းရမယ်။ အိပ်ရေးမဝ လမ်းမလျှောက်တော့ သွေးလည်ပတ်မှုမရှိ လှုပ်ရှားမှုမရှိလို့ ကိုယ်လက်တွေ ညောင်းညာကိုက်ခဲတယ်။ အိပ်ရေးမဝလို့ ခေါင်းကိုက်တယ်။ ပိတ်ရက်ဆိုရင် မနက် ၈ နာရီခွဲထစရာမလိုလို့ နေ့လည် ၁၂ အထိအိပ်တယ်။ ဗိုက်ဆာတော့မှ အိပ်ယာကထတယ်။ ဟင်းကတပတ်စာ ဝယ်ထားတာဆိုတော့ သိပ်ချက်စရာမလိုဘူး။ နေ့လည်အထိ အိပ်ထားတော့ ညကျတော့ တော်တော်နဲ့မအိပ်ချင်ဘူး။ ဒီလိုနဲ့ အိပ်ချိန်မမှန်တာ သံသရာလည်နေတယ်။ စားပွဲခုံပုပုလေးနဲ့ ထိုင်အလုပ်လုပ်နေတာ တကိုယ်လုံးညောင်းညာကိုက်ခဲတယ်။ ထမင်းစားပွဲမှာ စက္ကူဗူးတွေတင်ပြီး ထိုင်၊ မတ်တပ်ရပ်စားပွဲခုံ DIY လုပ်တယ်။ မတ်တပ်ရပ် အလုပ်လုပ်ရတာ ကြိုက်သွားတယ်။ ရုံးလပ်တော့ကွန်ပျူတာက သေးတော့ ကြည့်ရတာ သိပ်အားမရဘူး ရုံးမှာတောင်းလို့ရတယ်။ ကြာမှာဆိုတော့ လေဘာဒေးပိတ်ရက် စျေးချနေတာနဲ့ မော်နီတာကြီး ဝယ်လိုက်တယ်။ မော်တာနာကြီးဝယ်လိုက်တော့ တင်ဖို့စားပွဲခုံလိုပြန်ရော။ ထိုင်မတ်တပ်ရပ်စားပွဲခုံဝယ်ဖို့ လိုက်ဖတ်တော့ အကောင်းဆုံးဆိုတာကို ဝယ်ဖို့တတ်နိုင်ပေမဲ့ နေရာအကျယ်အဝန်းကို တွက်ချက်ရတယ်။ အိမ်ကကျဉ်းတော့ သေးတဲ့စားပွဲခုံရှာရတယ် အိုင်ကီရာကိုကြိုက်ပေမဲ့ ပေါင် ၁၅၀ လေးပြီး ပစ္စည်းပြတ်နေတယ်။ မှာလိုက်တဲ့ထိုင်ခုံက တလကြာမှရောက်မယ်ဆိုပြီး စောရောက်လာတယ်။ ဒေါက်တိုင်က ကပ်နေပြီး ဆင်တဲ့ဖက်မှားနေလို့  ချွှေးပြိုက်ပြိုက်ကျ ဆင်ရတာ အတော်ကြာတယ်။ မတ်တပ်ရပ်နေရာကနေ ထိုင်တဲ့အနေအထားရဖို့ ဖိရတာ မနည်းအားစိုက်တ်ရတယ်။ အီလက်ထရစ်မော်တာပါတဲ့ စားပွဲခုံတွေက လူသက်သာတယ်။

ဆုံလည်ထိုင်ခုံ၊ ဝိုင်ယာလက် ကီးဘုတ်၊ မောက်စ် ထပ်ဝယ်ရတယ်။ ခုတော့ မတ်တပ်ရပ်လုပ်ရတာ ကြိုက်နေတယ် မနက် ၈ နာရီခွဲကနေ ည ၆ နာရီအထိ မတ်တပ်ရပ် အလုပ်လုပ်တယ်။ ထမင်းစားချိန် နာရီဝက်၊ အစည်းအဝေးလောက်ပဲ ထိုင်တော့တယ်။ မတ်တပ်ရပ်လုပ်တော့ သွေးလည်ပတ်မှုကောင်းလို့လား မသိဘူး နေလို့ကောင်းတယ်။ အရင်ကလောက် ညောင်းညာကိုက်ခဲမနေတော့ဘူး။ ဇက်ကြောတက်လို့ မျက်စိဒီဂရီတက်သလားဆိုပြီး မကြီးက မျက်စိကို သွားစမ်းသပ်ခိုင်းနေတယ်။ ဇက်ကြောတက်သက်သာအောင် OSIM ဇက်ကိုနှိပ်တဲ့ဟာ ဝယ်လိုက်တယ်။ ကြိုက်သွားလို့ neck & back messenger ထပ်ဝယ်လိုက်တယ်။ အိမ်မှာ အမေနဲ့ကိုယ်က အနှိပ်မကြိုက်တဲ့သူ မကြီးနဲ့အဖေက အနှိပ်ကြိုက်တယ် အားရင်နှိပ်နေကြတယ်။ အနှိပ်မကြိုက်တဲ့ကိုယ်တောင် ကြိုက်တယ် မကြီးနဲ့အဖေဆို အဲ့ဒီထိုင်ခုံကနေ ဆင်းကြတော့မှာ မဟုတ်ဘူး။ အဲ ... အနှိပ်ခုံဝယ်ပြီးကာမှ ဇက်ကြောက မတက်တော့ဘူး။ OSIM က ခြေထောက်နှိပ်တဲ့ဟာ၊ ခေါင်းနှိပ်တဲ့ဟာနဲ့၊ မျက်စိနှိပ်တဲ့ဟာ ဝယ်ချင်နေတယ် စျေးချမှ ဝယ်ဦးမယ်။ ချွှေးထုတ်စက် ဝယ်ချင်နေတာ မကြီးက ဝယ်ထားပြီးပြီဆိုလို့ ချွှေးထုတ်ရတာလည်း ကြိုက်တယ်။ ကော့စကာရီကာနဲ့ အလာစကာ hot springs မှာ နှစ်နာရီလောက် ရေစိမ်တယ်။ ဆံပင်အတော်ရှည်နေပြီ မညှပ်တာ တစ်နှစ်ရှိပြီကိုး။ ဆံပင်ညှပ်ဆိုင်မသွားရဲတော့ ယူကျူကနေကြည့်ပြီးညှပ်တာ မညီလို့တိလိုက်ညှပ်လိုက် ညှပ်လိုက်တိလိုက်နဲ့ အတော်တိုသွားရော။ ကိုယ့်ဘာသာညှပ်ပြီး ကိုယ့်ဘာသာ သဘောတွေကျနေတယ်။ တသက်နဲ့တကိုယ် ဒီတခါပဲ ကိုယ့်ဘာသာ ဆံပင်ညှပ်ဖူးတယ်။ အိုင်အိုဝါကျောင်းမှာတုန်းက ကိုယ့်‌ရှေ့ခုံမှာထိုင်တဲ့ တရုတ်‌လေး‌တွေ အုံးမှုတ်ခွက်‌ကေလေး‌တွေနဲ့ တပုံစံတည်းဖြစ်‌နေလို့ ဘယ်လိုဖြစ်တာလဲ‌လို့ မေးကြည့်‌လိုက်တော့ ဆံပင်ညှပ်ခသက်သာ‌အောင်လို့ ‌ရှောင်ပိုင်က ဆံပင်ညှပ်‌ပေးထားတာတဲ့။ ဟဲ့.. အဲ့ဒါဆို ငါလည်း ဆံပင်ညှပ်ခ သက်သာအောင် ငါ့ကိုညှပ်‌ပေးပါလားလို့‌ပြောတော့ မိန်းကလေး‌ကို မညှပ်တတ်ဘူးတဲ့။ မချောသုခိတာညွှန်းတဲ့ ကူရှင်နဲ့ခေါင်းအုံး ဝယ်လိုက်တယ် အတော်ကြိုက်တယ်။ ဆရာမကြီးဒေါက်တာ ဒေါ်ခင်နွယ်ဝင်းညွှန်းလို့ ကော်ဖီသောက်တဲ့အခါ ကိုလာဂျင်မှုန့် သောက်နေတယ်။ ကော်ဖီမှုန့်တစ်ဇွန်း ရေနွှေးပူပူထည့်ပြီး နှစ်မိနစ်လောက်နှပ်။  ကော်ဖီမှုန့်စစ်ပြီး ဂီး၊ ကိုလာဂျင်မှုန့် ထည့်သောက်တယ်။ ရှီဆေးဒိုးက ကော်လာဂျင်ဗူး နာမည်ကြီးတယ် မသောက်ဖူးသေးဘူး။ စက်တင်ဘာ ၈ ရက်နေ့ NLD အောင်လံထူတဲ့နေ့ အားလုံးကအနီရောင်ဝတ်ပြီး ဓာတ်ပုံတင်နေတာကို အားကျလို့ အနီရောင်အင်္ကျီရှာဝတ်ပြီး အမှတ်တရ ဓာတ်ပုံရိုက်တယ်။ နှုတ်ခမ်းနီကတော့ ဝိုင်း‌မွေးနေ့လက်‌ဆောင်‌ပေးထားတဲ့ ရှယ်နယ်နံပါတ် ၉၈ Rough Coco Flash ။ အဲ့ဒီနှုတ်ခမ်းနီ ရှာပုံတော်အကြောင်း ၂၀၂၀ ခုနှစ်ရဲ့ ပထမဆုံးပို့စ်အဖြစ် ရေးဖူးပါသေးတယ်။

Stay Home! Stay Safe!
စန်းထွန်း
စက်တင်ဘာ ၁၈၊ ၂၀၂၀။

၂၀၂၀ စက်တင်ဘာ ၈ NLD အောင်လံထူတဲ့‌တဲ့နေ့ အမှတ်တရ
DIY standing desk
DIY sitting desk
ယူကျူကြည့်ပြီး ဆံပင်ညှပ်တာ မညီလို့ တိလိုက်ညှပ်လိုက်နဲ့ တိုသွားရော....ကိုယ်ယ့်ဘာသာ သ‌‌ဘောတွေကျ
ဒီခုံလေး ရွေးလိုက်တယ်
ကိုယ့်အလုပ်စားပွဲ...‌ ကိုယ်က နယူး‌‌ယောက်က ဂျေအပ်ဖ်‌ကေနဲ့ လာဂွာရီးရား‌၊ နယူးဂျာဆီက နူဝါ့နဲ့ တီတာဘိုရို လေဆိပ်လေးခုရဲ့ ဝက်ဖ်ဆိုဒ်‌မှာ‌ ပြောင်းလဲမှုလုပ်တာကို တာဝန်ယူရပါတယ်...မော်နီတာမှာ မြင်ရတာ ကိုယ်အခုလုပ်‌နေတဲ့ နယူး‌ယောက်‌ ဂျေအပ်ဖ်‌ကေ‌လေဆိပ်ရဲ့ ဝက်ဖ်ဆိုဒ်... 
ဒီကူရှင်‌လေးကို အရမ်းသ‌ဘောကျနေတယ်

မ‌ချောသုခိတာ ညွှန်းတဲ့ ကျီးပေါင်း‌ခေါင်းအုံးကို အရမ်းကြိုက်တယ်
OSIM neck & back message

ဝယ်ချင်‌နေတာ Portable Sauna tent မကြီးက ဝယ်ထားပြီးပြီ မဝယ်နဲ့ဆိုလို့
‌ကိုလာဂျင်‌ပေါင်ဒါမှုန့်နဲ့ ဂီး

စက်ဘီးစီးခြင်း အနုပညာ …

$
0
0
မခိုင်နဲ့အတူ စက်ဘီးစီးရအောင်လို့ ပြောနေတာကြာပြီ။ မခိုင် ဖိတ်ခေါ်တာနဲ့ ပိုကိုနိုတောင်မှာ စက်ဘီးသွားစီးဖြစ်တယ်။ အားကစားလိုက်စား အပတ်တိုင်းနီးပါး တောင်တက်လို့ အားကျရတဲ့ အသိအစ်ကိုဇနီးမောင်နှံ စီစဉ်တဲ့ခရီးစဉ်ပါ။ ၂၀၂၀ စက်တင်ဘာ ၁၈ သောကြာနေ့ စီးကြမှာဆိုတော့ Juneteenth အားလပ်ရက်တုန်းက မယူဖြစ်လိုက်တဲ့ အားလပ်ရက်ကို သုံးလိုက်တယ်။ အဲ့ဒီ Juneteenth အားလပ်ရက်က ဒီနှစ်ဇွန် ၁၉ ရက်မှာမှ အားလပ်ရက်အဖြစ် သတ်မှတ်လိုက်တာပါ။ လူမည်းတွေ ကျေးကျွှန်ဘဝက လွတ်မြောက်တဲ့အထိမ်းအမှတ်နေ့။ ဇွန် ၁၉ မတိုင်ခင်နေ့ကမှ အားလပ်ရပ်မှန်းသိတော့ ခရီးထွက်ဖို့မဖြစ်။ မိသားစုမိတ်ဆွေတွေနဲ့ တွေ့ဆုံရအောင် မိသားစုမရှိ အရမ်းရင်းနှီးတဲ့ မိတ်ဆွေဆိုတာ လက်ချိုးရေတွက်ရင် လက်ငါးချောင်းတောင် မပြည့်ဘူး။ ဒီနှစ်ခရီးမထွက်ဖြစ် အိမ်တွင်းအောင်းရတော့ ခွင့်ရက်တွေ စုထားတယ် အလုပ်များတာလည်းပါတယ်။ တစ်နှစ်စာခွင့်ရက်တွေကို နောက်နှစ်အထိသယ်ပြီး ရှေ့နှစ်ကျမှ အတိုးချပြီး ခရီးသွားမယ်။ တစ်နှစ်စာခွင့်ရက်ထက် ပိုနေတဲ့သူတွေကတော့ တစ်ပတ်တစ်ရက်ခွင့်ယူပြီး ရှင်းကြတယ်။ ကြသပတေးနေ့ညနေ ၄ နာရီခွဲ အိမ်ကထွက်ရမှာကို တော်သေးတယ် အဲဒီမတိုင်ခင်သွားခင် အလုပ်ပြီးသွားလို့။ မခိုင်အတွက် ပဲကြော်ဝယ်ထားပြီးပြီ၊ အိမ်နားက တရုတ်ဆိုင်က ဆန်ခေါက်ဆွဲ၊ တို့ဟူးကြော်၊ တရုတ်ပေါင်မုန့်ဆိုင်က ပေါင်မုန့်၊ လမ်းမှာစားဖို့ မုန့်တွေဝယ်။ NJ Transit မှာ လက်မှတ်ဝယ်ပြီး ဂိတ်နားမှာစောင့် လူများတယ်။ ဘတ်စ်ကားက ည ၆ နာရီခွဲအတိမှာထွက်ပြီး Clinton မှာရပ်တယ် လူတော်တော်များများ ဆင်းသွားတယ်။ ည ၈ နာရီခွဲ မခိုင်လာကြိုတယ် ညစာစား စကားတွေပြော စောစောအိပ်ယာဝင်တယ်။ နောက်နေ့ မနက် ၇ နာရီခွဲထ ထမင်းကြော်စားပြီး အိမ်ကထွက်တယ်။ စက်ဘီးစီးရင် တင်ပါးမနာအောင်လို့ padded trouser ဝယ်တာ မလာခင်တနေ့က မှရောက်လာလို့ တော်သေးတယ်။ လက်နာမှာစိုးလို့ မခိုင်အမျိုးသားက လက်အိတ်ပေးတယ်။ ပိုကိုနိုကို တနာရီလောက်မောင်းရတယ် ရာသီဥတုနည်းနည်းအေးတယ်။ ပန်ဆယ်ဗေးနီးယားပြည်နယ်က သစ်ပင်တောတောင်တွေနဲ့ စိမ်းစိုတယ်။ လမ်းတလျှောက် ထရန့်ကိုထောက်ခံအားပေးတဲ့ ဆိုင်းဘုတ်တော်တော်များများတွေ့တယ်။ Jim Thorpe မြို့လေးက သေးသေးလေး မြို့လယ်ကောင်က ကားပါကင်မှာကားအပ် အဖွဲ့စုံအောင်စောင့်။ လူစုံတော့ စက်ဘီးဆိုင်ဆီ ချီတက်ကြတယ်။ တခုခုဖြစ်ရင် ကိုယ့်တာဝန်ဆိုတဲ့ waiver form မှာ လက်မှတ်ထိုး။ တော်တော်များများက ကိုယ်ပိုင်စက်ဘီး ယူလာကြတယ်။ ကိုယ်က စက်ဘီးငှားတယ် ဆိုင်ကကိုယ်အရပ်နဲ့ အံခွင်ဝင်ကျဖြစ်အောင် စက်ဘီးထိုင်ခုံကို ညှိပေးတယ်။ စက်ဘီးတွေကို ရှယ်တယ်ကားနောက်မှာတင်ပြီး ၁၀ နာရီရှယ်တယ်က နောက်ကျပြီးမှ ထွက်တယ်။ စက်ဘီးစီးမဲ့နေရာကို ၄၅ မိနစ်လောက် မောင်းရတယ်။ ပိတ်ရက်ဆိုရင် ဟိုင်းဝေးလမ်းကသွားလို့ နာရီဝက်လောက်ပဲ မောင်းရတယ်တဲ့။ ၁၀မိုင်စီးမဲ့သူတွေကို လမ်းတဝက်မှာချပေးတယ် ကိုယ်တို့က ၂၅ မိုင် ဂိတ်ဆုံးပဲ။

ဦးထုပ်ကို ဂိတ်ဆုံးကဆိုင်မှာ တောင်းရတယ်။ စက်ဘီးထိုင်ခုံချိန်တာ ပုဝင်သွားလို့ ဆိုင်ဝန်ထမ်းကို အကူအညီတောင်းရတယ်။ ဒယ်ဒီနှစ်ယောက်က ကလေးထိုင်ခုံလေးကို နောက်မှာတွဲပြီး နင်းတယ်။ အားကစားလိုက်စားတဲ့မခိုင်ကို အသက် ၁၅ နှစ်ငယ်တဲ့ ကိုယ်က မနည်းအမှီလိုက်ရတယ်။ age is just number ။ စက်ဘီးလမ်းဘေးမှာ စမ်းချောင်း၊ သစ်ပင်တွေ အုပ်ဆိုင်ပြီး အင်မတန်သာယာတယ်။ ကိုယ်စီးဖူးသမျှ စက်ဘီးလမ်းမှာ ဒီလမ်း Leigh George Biking Trail က အလှဆုံးပဲ ဆောင်းဦးရာသီမှာ ပြန်လာစီးချင်သေးတယ်။ မခိုင် ဇူလှိုင်လ စက်ဘီးစီးတုန်းက ပူလွန်းလို့ ချွှေးတွေမျက်စိထဲဝင်နဲ့ စီးလို့မကောင်းဘူး။ ခုရာသီဥတုက စက်ဘီးစီးလို့ အတော်ကောင်းတယ် တောတောင်ထဲဆိုတော့ စိမ့်အေးတယ်။ အအေးကြောက်လို့ Halley Hensen base layer ပေါ် မိုးကာအင်္ကျီထပ်ဝယ်ထားတယ်။ ဝိုင်းက အဲဒီမိုးကာအင်္ကျီအရောင်လှတယ်။ ဓာတ်ပုံထဲမှာပေါ်တယ် သူနောက်ဝယ်ရင် အဲ့ဒီအရောင်ဝယ်မယ်တဲ့။ ၂၀၁၉ ဇူလှိုင် ဆူနမ်တို့အိမ်နားက စက်ဘီးလမ်းမှာ ၄ မိုင်လောက်စီးမယ်ဆိုပြီး ထွက်သွားလိုက်တာ ၂၄ မိုင်စီးဖြစ်သွားတယ်။ မနက်ငှက်ပျောသီးတလုံးစားပြီး ရေတပုလင်းပဲပါတယ်။ မနက်စာလည်း ကောင်းကောင်းမစားခဲ့ ရာသီဥတုကလည်း အရမ်းပူ စက်ဘီးလမ်းကလည်း ဘာအပင်မှမရှိတော့ ပင်ပန်းလိုက်တာ။ နောက်နေ့ကျတော့ တင်ပါးနာလို့ ကောင်းကောင်းမထိုင်နိုင်ဘူး။ ဆောင်းဦးချိန် ဆူနမ်ဆီလာပြီး ဝိုင်းနဲ့ ၃၅ မိုင် စက်ဘီးစီးမယ်လို့ ပြောကြသေးတယ်။ ၂၀၁၃ မေရီလန်းမှာနေတုန်းက အိမ်နားက မက်ထရူးဟက်ဆန် စက်ဘီးလမ်းက သာယာတယ်။ လမ်းသွားလျှောက်တိုင်း စက်ဘီးစီးတဲ့သူတွေကို အားကျတယ်။ စက်ဘီးဝယ်မယ် ကားအသစ်လဲရင် SUV ဝယ်မယ်လို့ စိတ်ကူးထားတာ နယူးယောက်မှာအလုပ်ရတော့ ကားရောင်းခဲ့ရတော့တာပဲ။ လမ်းတဝက်က အိမ်သာကိုဝင် ပါလာတဲ့ nuts တွေစား ၁၅ မိနစ်လောက်ပဲနားတယ်။ အားလုံးက on your left ဆိုပြီး ကျော်သွားကြတယ်။ တချို့များ စီးသွားတာ ဝှီးကနဲအသံပဲ ကြားလိုက်ရတယ် မြန်ချက်။ ကားပါကင်၊ မီးရထားလမ်းနားမှာ လမ်းမေးရတယ်။ အဖွဲ့ထဲကကလေး စက်ဘီးလမ်းပိတ်သလို ဖြစ်နေတာရယ်၊ ကိုယ် လမ်းလျှောက်ပြီး ကားလမ်းကို ဖြတ်ကျော်တာကို စက်ဘီးစီးတဲ့လူတချို့က စိတ်မရှည်ကြဘူး။ တနေရာမှာ ကွင်းပြင်ကြီး လူလည်းမတွေ့တော့ လမ်းများမှားပြီးလားပေါ့။ စက်ဘီးစီးလာတဲ့ လူကို‌‌တွေ့မှလမ်းမှန်ဆိုပြီး အားတက်ရတယ်။ တွေ့တဲ့လူငယ်စုံတွဲကို Jim Thorpe မြို့ဆီသွားတဲ့လမ်းမှန်မမှန် ဘယ်လောက်ဝေးလဲလို့ မေးတာကို မခိုင်က စိတ်မချဘူး။ လူကြီးတယောက်ကို ထပ်မေးတော့မှ စိတ်ချသွားတယ်။ တံတားပေါ်မှာ နားနေတုန်း ဖြတ်သွားဖြတ်လာ သဘောကောင်းတဲ့မိန်းကလေးက ဓာတ်ပုံရိုက်ပေးတယ်။ မခိုင်က သူ့အမျိုးသားကို ဖုန်းခေါ်မရလို့ စိတ်ပူနေတာ အစိမ်းရောင်တောက်တောက်ဂျာကင်ကို တွေ့တော့မှ ဝမ်းသာသွားတယ်။ မခိုင်အမျိုးသားကလည်း ဟိုနှစ်ယောက် ဘယ်ရောက်နေလည်းမသိဘူး လိုက်ဦးမှဆိုပြီး လိုက်လာတာ။ 


ကလေးပါတဲ့အဖွဲ့ကတော့ ဓာတ်ပုံရိုက်လိုက်၊ မုန့်စားလိုက်၊ စမ်းချောင်းထဲ ဆင်းဆော့လိုက်နဲ့ အေးဆေးပဲ။ တနေရာမှာ မခိုင်အမျိုးသားက လှည့်ပြန်သွားလို့ ဘာဖြစ်တာလဲ အိမ်သာသွားချင်လို့လား။ ကုန်းကုန်းကွကွနဲ့ ရှာနေလို့ ဘာများကျကျန်လို့လဲ မသိဘူး။ လမ်းလျှောက်လာတဲ့ လူနှစ်ယောက်ကပါ ဝိုင်းရှာပေးတယ်။ မေးကြည့်တော့ rattle snake တွေ့လို့တဲ့ ခင်ဗျားတို့မမြင်ဘူးလား မမြင်ဘူး ကိုက်ရင်တောင် သိမယ်မထင်ဘူး။ အဲ့ဒီမြွေက အဆိပ်ရှိတယ် သေးသေးလေးပေမဲ့ အမြီးနားမှာ ဒဏ်ရာရနေလို့ မသွားနိုင်ဖြစ်နေတာ ခုတောထဲလွှတ်ပေးလိုက်တယ်တဲ့။ ကားပါကင်နား ပြန်ရောက်လာတယ် စက်ဘီးပြန်အပ်ပြီး ပါလာတဲ့မုန့်တွေစား။ အဖွဲ့စုံအောင်စောင့် တနာရီကြာတော့ အားလုံးပြန်ရောက်လာတယ်။ အစက အဖွဲ့ခေါင်းဆောင်အစ်ကိုဇနီးမောင်နှံအိမ် နယူးဂျာစီကိုလိုက်ပြီး အနီးအနားကဘတ်စ်ကားစီးပြီး နယူးယောက်ပြန်မလို့။ ဗိုက်ဆာနေကြပြီမို့လို့ ညစာစားမယ် နှစ်နာရီမောင်းပြီးမှ နယူးဂျာစီကို ရောက်မှာဆိုတော့ ည ၈ နာရီလောက်ဖြစ်သွားမယ်။ နယူးယောက်ကို ဘတ်စ်ကားရှိပါဦးမလား နယူးယောက်ကို ဘတ်စ်ကားတနာရီလောက်ထပ်စီး။ နယူးယောက်ကနေ ကွင်းကို တနာရီထပ်စီး အိမ်ကို ည ၁၀ခွဲ၊ ၁၁ လောက်မှရောက်မယ်။ အဲ့ဒါထက် မခိုင်တို့မြို့က ဘတ်စ်ကားစီးရင် ၂ နာရီနဲ့ နယူးယောက်ရောက်မယ်လို့ ည ၉ နာရီ အိမ်ရောက်မယ်။ ဘတ်စ်ကားက ည ၆ နာရီ ၁၅ ထွက်မှာ ဆိုတော့ မှီအောင် အမြန်မောင်းပေးတယ်။ လက်မှတ်ကို ဘတ်စ်ကားပေါ်ရောက်မှဝယ် လူအပြည့်ပဲ clinton နဲ့ နူးဝါ့လေဆိပ်မှာ ရပ်တယ်။ ည ၈ နာရီ ဟော်လန်မြေအောက်လှိုဏ်ခေါင်းဖြတ်ပြီး ၄၂ လမ်းနားရောက်တော့ အနီရောင်ပြိုင်ကားလေး အမိုးဖွင့်တာ အတောင်တွေအတပ်တွေပိတ်ပြီး ရှုပ်ရှပ်ခတ်သွားလို့ ဘာလေးလဲလို့ ငေးတာ poshe အနီရောင်ပြိုင်ကားလေး။ Telsa လည်း အဲ့ဒီလို နောက်တံခါးဖွင့်ရင် တံခါးက အပေါ်ကိုမြောက်တက်သွားတာ တောင်ပံဖြန့်သလိုပဲ။ Telsa ကားနဲ့ နိုင်ငံဖြတ်ကျော်ခရီး ထွက်ချင်တယ်လို့ စိတ်ကူးယဉ်ဖူးတယ်။ အဲ့ဒီနေ့က ပင်ပန်းလို့ ည ၁၀ နာရီခွဲကတည်းကအိပ်တာ စနေနေ့မနက် ၁၀ နာရီခွဲမှနိုးတယ်။ Fibit က Good 81 score တဲ့ ကိုဗစ်ကာလအတွင်း မနက် ၂ နာရီမှအိပ်ဖြစ်နေတယါ။ ခန္ဓာကိုယ်သိပ်မနာဘူး ပင်ပန်းလို့ အိပ်ယာပေါ်နားနေတာတခုပဲ။ အခွင့်ကြုံရင် နောက်ထပ် စက်ဘီးစီးချင်သေးတယ်။ 

Happy Biking! 
စက်တင်ဘာ ၂၅၊ ၂၀၂၀။



သင်ယူခြင်း အနုပညာ…

$
0
0
၂၀၂၀ စက်တင်ဘာ ၂၈ ကနေ ၃၀ ရက်နေ့အထိ မိုက်ခရိုဆော့ သုံးရက်သင်တန်း အွန်လိုင်းကနေ တက်ရတယ်။ ဒါရိုက်တာမက ရုံးကရတဲ့ဘောက်ချာထဲကနေ ကိုယ်ကြိုက်တဲ့သင်တန်းကို ရွေးတက်ခိုင်းတယ်။ တဖွဲ့လုံးမှာ ကိုယ့်တယောက်တည်း ပေးတာ။ HelpDesk ကို အိုင်ဘီအမ်ကဟာ ပြောင်းသုံးတော့လည်း ကိုယ့်အဖွဲ့ကိုယ်စား လေးရက်သင်တန်း ကိုယ်တက်ရတယ်။ ticket တွေကို on hold ဘယ်လိုလုပ်ရမလဲ၊ ဘယ်လို close လုပ်ရမလဲ၊ user ကို ဘယ်လိုအီးမေးလ် ပို့ရမလဲ၊ tag ဘယ်လိုလုပ်ရမလဲ၊ child ticket ကို ဘယ်လိုချိတ်ရမလဲ၊ ဘယ်လို sort လုပ်ရမလဲ၊ column အသစ်ဘယ်လိုထည့်ရမလဲ တခုခုဆို ကိုယ့်ကိုမေးကြတော့တာပဲ။ ကိုယ်တက်ချင်တာ data analysing ဘာသာရပ်တွေ။ software developer အလုပ်မှာ ဂိတ်ဆုံးက senior developer ပဲရှိတယ်။ မန်နေဂျာဖြစ်ချင်ရင် ပရောဂျက် management ဖက်ကနေ သွားလို့ရတယ်။ ပရောဂျက်မန်နေဂျာဆိုတာ စကားပြောကျွှမ်းကျင်၊ meeting တွေကို ဥ◌ီးဆောင်နိုင်ရမယ်။ ကိုယ်တချို့အသံထွက်ကို လူတော်တော်များများ နားမလည်ဘူး။ ပြီးတော့ စကားပြောမကျွှမ်းကျင်ဘူး စင်မြင့်တက်ရမှာလည်း ကြောက်သေးတယ်။ ကိုယ့် mentor က data architect သူ့လိုဖြစ်ချင်တာ။ data architect နဲ့ data scientist ကို သဘောကျတယ်။ ခုခေတ်မှာ data analyzing က အရေးပါတယ်။ ရွေးကောက်ပွဲမှာ ဘယ်သူနိုင်မယ်လို့ ခန့်မှန်းတာမျိုး၊ ကိုဗစ်ကာလမှာ ဘယ်လိုအခြေအနေဆိုရင် ဘယ်လို model တွေနဲ့ တွက်ချက်ကြတာမျိုး။ ရုံးမှာ PowerBI မှာသုံးရမှာမို့ အဲ့ဒါပဲရွေးလိုက်တယ်။ မနက် ၈ နာရီခွဲကနေ ညနေ ၄ နာရီခွဲအထိ။ virtual class က zoom နဲ့ ဆရာက အင်္ဂလန်က၊ တပည့် ၁၆ ယောက်က နယူးယောက်၊ ဘော်စတွန်၊ ဆန်ဖရန်စစ္စကို၊ တိုရန်တိုက။ အလုပ်မှာသုံးနေလို့၊ သင်ဖို့လိုလို့ လာတက်ကြတာ။ lab ကို ဘယ်လိုဖွင့်ရမလဲ၊ lesson material ကို ဘယ်လိုဖွင့်ရမလဲ၊ license key က ဘာလို့မပေါ်တာလဲနဲ့ သင်တန်းစဖို့ကို တနာရီလောက်ကြာတယ်။ ဆရာ့ကွန်ပျူတာမျက်နှာပြင်ကိုပဲ မြင်ရပြီး ကိုယ့်ကွန်ပျူတာမျက်နှာပြင်လို ပြလို့မရတော့ chat ကနေ စာရိုက်၊ mic နဲ့ စကားလှမ်းပြော။ ဆရာက မှန်းပြီးပြောပြ အဆင်ပြေတာလည်းရှိ အဆင်မပြေတာလည်းရှိ။ စာသင်ခန်းထဲမှာ ပြသနာမဟုတ်တာတွေက ဒီမှာပြသနာ။ ဆရာသင်တာတွေ နားလည်ပေမဲ့ lab လုပ်ခိုင်းရင် အဆင်မပြေတော့ဘူး။  အချိန် ၄၅ မိနစ် အချိန်မလောက်မပြီးလို့ ဇောချွှေးပြန် ဆရာသင်တာကို စိတ်မဝင်းစားနိုင် ခိုးပြီး lab ဆက်လုပ် မရလို့ စိတ်ပျက်လက်ပျက်ဖြစ်။

မပြီးရင် ရှေ့ဆက်လို့မရလို့ စိတ်ပျက်ဇောချွှေးပြန် နေ့လည်စာထမင်းတောင် ကောင်းကောင်းမစားနိုင်ဘူး။ ညနေအတန်းပြီးတော့ ရှာဖွေကြည့်လိုက်တဲ့အခါ solution folder မှာ အဖြေသွားတွေ့တယ်။ အဲ့ဒါတွေကြည့်တော့မှ နားလည်သွားတယ်။ ပထမနေ့က ခေါင်းတွေကိုက်ပြီး ညစာစားပြီးတာနဲ့ ပင်ပန်းလို့ အိပ်ယာမှာ လဲနေတော့တာပဲ။ အမလေး စာသင်ရတာ ပင်ပန်းလိုက်တာ။ အွန်လိုင်းကနေ သင်ဖူးပါတယ် ၃ နှစ်လုံးလုံး အွန်လိုင်းကနေ ကျောင်းတက်ခဲ့တာပဲ။ သင်ခန်းစာ ဗွီဒီယိုဖိုင်တွေကြည့်၊ စာအုပ်ဖတ်၊ အပတ်တိုင်း assignent တင်၊ တလခွဲတခါ learning center တွေမှာ စာမေးပွဲသွားဖြေ။ ဆရာနာဂျစ်ကတော့ အွန်လိုင်းကနေ စာသင်တယ် စာသင်တာကို ကြိုက်တဲ့သူဆိုတော့ သတ်မှတ်ထားချိန်ထက် နောက်ကျပြီးမှပြီးတယ်။ ကျောင်းနဲ့ဝေးနေတာ ခြောက်နှစ်ရှိပြီ။ ၂၀၂၀ အစပိုင်းက data architect လုပ်မယ် ကျောင်းတက်မယ် လုပ်လိုက်သေးတယ်။ ခုပုံစံအတိုင်းဆို ကျောင်းတက်နိုင်ပါ့မလား။ လွန်ခဲ့တဲ့ဆယ်နှစ် ၂၀၀၈ စင်္ကာပူမှာကျောင်းတက်တုန်းကဆို မနက် ၇ နာရီခွဲအိမ်ကထွက် ၉ နာရီကျောင်းတက်။ ည ၁၁ နာရီ ၄၅ နောက်ဆုံးဘတ်စ်ကားနဲ့ ကျောင်းကနေပြန် နောက်ဆုံးရထားမှီအောင် ပြေးကြလွှားကြ။ အိမ်ကို ည ၁၂ ခွဲလောက်မှရောက်တယ်။ စနေ၊ တနင်္ဂနွေလည်း အဲ့ဒီအချိန်စာရင်းအတိုင်းပဲ။ အဲ့ဒီတုန်းက ပင်ပန်းပေမဲ့ ဒီလောက်မပင်ပန်းသလိုပဲ။ ဆယ်နှစ်ဆိုတဲ့အချိန် တကယ်စကားပြောတယ်။ ဒုတိယနေ့ကျတော့ ပထမနေ့လောက် မပင်ပန်းတော့ဘူး နည်းနည်းလိုက်နိုင်လာပြီ။ ကျောင်းသားတယောက် ထွက်သွားတယ် သင်တန်းကြေး နှမြောစရာ တနေ့ ၇၀၀ ကျော်ကျတယ်။ ဒီရုံးက သင်တန်းကြေးလည်းပေးတယ်၊ သင်တန်းတက်ချိန်ကိုလည်း အလုပ်လုပ်ချိန်ဆိုပြီးပေးတယ်။ ဒီတော့ ဘာလို့သင်တန်း မတက်ရမှာလဲနော့။ တရုတ်ကုမ္ပဏီတုန်းကဆို သင်တန်းကြေးကိုယ့်ဘာသာပေး အောင်ရင် ကုမ္ပဏီဆီက ပြန်တောင်းလို့ရတယ်။ ဒါပေမဲ့ သုံးနှစ်လုပ်ပေးပါမယ်လို့ လက်မှတ်ထိုးရတယ်။ သင်တန်းတက်ချိန်ကို ကိုယ့်အားလပ်ရက်ကနေ သုံးရတယ်။ သင်တန်းတက်ရတာ အလုပ်လုပ်ရတာထက် ပင်ပန်းပါလားလို့ တွေးမိတယ်။ ဒါတောင် စာမေးပွဲမဖြေသေးလို့ စာမေးပွဲဖြေမယ်ဆိုရင် အောင်ပါ့မလား၊ အမှတ်ကောင်းကောင်းရပါ့မလားနဲ့ ဘယ်လောက်တောင် စိတ်ဖိစီးလိုက်မလဲ မသိဘူး။ ပထမနေ့ကတော့ ဆရာသင်တာ ၁၀၀% ရ,ရမယ်လို့ ကြုံးဝါးတယ်။ ဒုတိယနေ့ကျတော့ ၈၀% ရရင် ကျေနပ်ပါပြီ။ တတိယနေ့ကျတော့ ၆၀% ရရင် အတော်ဟုတ်နေပြီလို့ တွေးမိတယ်။ တနေ့နေ့ လျော့လာလိုက်တာ တလလောက်များ တက်ရမယ်ဆိုရင် နောက်ဆုံးနေ့မှာ ၁% ရရင် ကျေနပ်ပါပြီလို့ ပြောနေမိမလားဘဲ…။

စန်းထွန်း
အောက်တိုဘာ ၂၊ ၂၀၂၀။
 
Credit to Twitter

စိုက်ပျိုးခြင်း အနုပညာ…

$
0
0
ပြောတော့ဖြင့် အငြိမ်းစားယူရင် အပင်လေးတွေ စိုက်စားမယ်ဆိုပြီး မြက်နဲ့ကြက်သွန်မြိတ်ပင်ကိုတောင် မခွဲတတ်ဘူးဆိုတော့ ဘယ်လိုလုပ်ကြမလဲ။ ဒီအိမ်မှာ နှစ်နှစ်ကျော်ပြီ နွေရာသီဆိုရင် တလတခါ အိမ်ရှေ့လမ်းမက အပင်တွေနှုတ် မြက်တွေရိတ်ပေးတယ်။ တလောက ငှက်စာကျွှေးတဲ့ခွက် လေတိုက်လို့ ပြုတ်ကျပြီး ကွဲသွားတယ်။ အဲ့ဒီတော့ ခေါင်းရင်းက အဆောင်အောက်မှာ ငှက်စာကျွှေးရင်း အပင်တွေကို ကြည့်မိတယ်။ အသီးတွေတော့ သီးပါရဲ့ ဘာအပင်မှန်းမသိဘူး။ တလောကလည်း ပန်းပွင့်နေတဲ့အပင်ကို မြက်ပင်ထင်ပြီး ခုတ်လိုက်တာ အိမ်ရှင်က အဲ့ဒါ ၈၀ တောင် ပေးရတဲ့ ဒေလီယာပန်းပင် နောက်မခုတ်နဲ့တဲ့။ မခိုင်လာတော့ အပင်တွေကိုကြည့်ပြီး ဒီအသီးက တည်သီးစားလို့ရတယ်၊ အဲ့ဒီအပင်က chives၊ ဒါက ပူစီနံတဲ့။ chives တွေကို မြက်ပင်ထင်ပြီး နှုတ်ပစ်နေတာ ပူစီနံနဲ့တူတယ်လို့တော့ ထင်သား။ အပင်မှာ အပွင့်လေးတွေပွင့်နေလို့ အဖေတို့ကို ဘာအပင်လဲလို့ ဓာတ်ပုံပြပြီးမေးတော့ ဥ◌ီးလေးတယောက် စိန်ပန်းပင်တဲ့။ နောက်တော့မှ ခရမ်းခဆော့သီးပင် ဖြစ်နေတယ်။ ခူးစားမလို့ဟာ အသီးတွေက မည်းနေလို့ မခိုင်က မစားပါနဲ့သမီးရယ် ဘာသီးတွေမှန်းမသိဘူးတဲ့။ မခိုင် ပြောတော့မှပဲ ခေါင်းရင်းကတည်သီးပင်ကို သွားသွားကြည့်တယ်။ ဝါလာရင်ခူးပြီး အုပ်ထားတယ် စားလို့မကောင်းဘူး ဖန်တန်တန်နဲ့။ အသီးတွေကို တနေ့တနေ့ သွားကြည့်တာအမော။ ဝါလာရင် ငှက်၊ ရှဥ◌့်တွေနဲ့အပြိုင် လုခူးတယ်။ ခုတော့ စားမကောင်းလို့ မခူးတော့ဘူး။ မနက်တိုင်း ငှက်ကလေးတွေကို အစားကျွှေးတယ်။ မနက် ၈ နာရီခွဲ ကိုယ်အစားကျွှေးတဲ့အချိန်ဆိုရင် ကျွှတ်ကျွှတ်ညံနေကြပြီ။ ကိုယ်ထွက်လာရင် ဘယ်သူရေ ဘယ်ဝါရေ ဒီမှာအစာကျွှေးနေပြီ သူ့ဘော်ဒါကို လှမ်းခေါ်ကြလေသလား မသိဘူး။ တချို့ငှက်က မကြောက်ဘူး ကိုယ့်အနားအထိ ပျံဝဲပြီးကြိုတယ်။ ရုံးပိတ်ရက် အိပ်ယာထနောက်ကျပြီး ကျွှေးရမဲ့အချိန် မကျွှေးရင် ကျွှတ်ကျွှတ်ညံနေကြပြီ။ အံမယ် … ငှက်တွေက အစားကျွှေးတဲ့သူနေတဲ့ အခန်းကိုသိတယ်တဲ့။ ရေလောင်းတာများလို့ သေသွားတဲ့ ZZ အပင်ကို အပြင်မှာထုတ်ထားတာ ပြန်ရှင်လာတယ် သေရွာပြန်ပင်။ စံပယ်ပင်ကတော့ သုံးနှစ်လောက်ရှိပြီ သေလိုက်ရှင်လိုက်နဲ့ အပွင့်လုံးဝမပွင့်ဘူး။ သစ်ခွခရမ်းရောင်လေးက သုံးခါလောက်ပွင့်ပြီး ကြက်ဥရည်တွေလောင်းတာ များသွားလို့ သေသွားတယ်။ ယုဇပင်ကတော့  အားအရဆုံးပဲ အတော်ပွင့်တယ် ပွင့်ရင်မွှေးလွန်းလို့ အိပ်ယာဘေးနား ထားအိပ်တယ်။ လေသန့်ပေးတဲ့ snake plant ထပ်ဝယ်ထားတယ်။ Golden Photos အရွက်နုလေးတွေထွက်လာရင် ပျော်နေတာ ခုပြန်ညှိုးနေပြန်ပြီ။ အပင်တွေမှာလည်း သူတို့ကြိုက်တဲ့နေရာ၊ မကြိုက်တဲ့နေရာရှိတယ်။ ကြိုက်တဲ့နေရာဆို ရွက်နုတွေဝေလို့ မကြိုက်တဲ့နေရာဆိုရင် အရွက်ကို ညှိုးနေတော့တာ။ အပင်ကို သတိထားကြည့်တဲ့သူဆိုရင်သိတယ်။ အိမ်တွင်းအိမ်ပြင် သစ်ပင်လေးတွေနဲ့ စိမ်းလန်းပြီး ပန်းရနံ့လေးတွေနဲ့ မွှေးထုံနေတဲ့အိမ်လို့ စိတ်ကူးယဥ◌်ပေမဲ့ ခုထိတော့ ဝယ်လိုက်၊ စိုက်လိုက်၊ သေလိုက် ဝယ်စိုက်သေ ဖြစ်နေတုန်။ 

စန်းထွန်း 
စက်တင်ဘာ ၉၊ ၂၀၂၀။

ခရမ်းခဆော့သီးနဲ့တူတယ်

မြက်လို့ထင်နေတာ Chives တဲ့

Chives ပါပဲ

ပူစီနံ တွေ့လား ရှာကြည့်

ငှက်စာနဲ့ရေ

သုံးနှစ်ရှိပြီ မကြီးမပွင့်တဲ့ စံပယ် ဘွန်ဆိုင်း

Golden Photos, Snake Plant
သေရွာပြန် ZZ Plant

အဆုပ်လိုက်ပွင့် မွှေးရနံ့သင်းပျံ့တဲ့ ယုဇန

ခင်မင်ခြင်း အနုပညာ…

$
0
0
၂၀၂၀ အောက်တိုဘာ ၁၀ စနေနေ့မနက် နယူးယောက်မြန်မာသံရုံးမှာ ကြိုတင်မဲသွားပေးတယ်။ ၂၀၁၅ မဲပေးတုန်းက နိုဝင်ဘာလမှာ မဲပေးရတာထင်တယ် အေးလို့ ဒေါင်းကုတ်ကြီး ဝတ်သွားရတာ မှတ်မိတယ်။ ၂၀၁၅ တုန်းက သတ်မှတ်ရက်အတွင်း မဲမပေးရမှာစိုးလို့ စင်္ကာပူကမြန်မာတွေ လမ်းပေါ်မှာညအိပ်စောင့်ပြီး မဲပေးကြတယ်။ စင်္ကာပူမှာ မြန်မာတွေများတော့ လူအင်အားတောင့်တယ် စည်းလုံးကြတယ်။ သံရုံးအဝမှာ အိတ်တွေသိမ်းထားပေးတယ်။ ဒီနှစ်တော့ ကိုဗစ်ကြောင့် ခြောက်ပေခွာ လက်ဆေးရည်ဗူးတွေ ချထားပေးပြီး လက်အိတ်ဝတ်ခိုင်းတယ်။ သံရုံးအဝမှာ အပူချိန်တိုင်းတယ်။ အဝင်ဝမှာ လိပ်စာ၊ နာမည်ပြောတော့ စာအိတ်တအိတ်ရတယ်။ လက်မှတ်ထိုးယူပြီး စာအိတ်ဖွင့်လိုက်တော့ ၃မဲရပြီး တိုင်းရင်းမဲမပါလို့ ကွန်ပလိမ်းတက်ချင်တယ် ဘယ်ကိုတိုင်ရမှာလဲလို့မေးတော့ သံရုံးအကြီးအကဲကို ပြောပေးမယ်တဲ့။ မဲအိတ်စုတ်ပြဲနေမနေစစ်၊ မြို့နယ်မှန်မမှန်စစ်၊ မဲထည့်ချင်တဲ့ပါတီနားမှာ အမှန်ခြစ်၊ စာအိတ်ကိုကော်ကပ်ပြီး ပုံးထဲသေချာထည့်တယ်။ ပယ်မဲဖြစ်နေမှာစိုးလို့ နှစ်ခါစစ်တယ်။ ကွန်းပလိန်းတက်ဖို့ သံရုံးအကြီးဆုံးက လာတွေ့တယ် ကိုယ့်ရှေ့က လေး၊ ငါးယောက်လောက်လည်း တိုင်းရင်းသားမဲမပါလို့ ကွန်ပလိမ်းတက်တယ်တဲ့။ ဘယ်လိုလုပ်ပေးမလဲမေးတော့ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြပေးမယ်။ မဲအခြေအနေကို နေ့တိုင်းရွေးကောက်ပွဲကော်မရှင်ကို သတင်းပို့ရတယ်။ သံရုံးက မဲအိတ်တွေကို ဖောက်စစ်ခွင့်မရှိဘူး။ မဲပေးမဲ့သူလာမှ စာအိတ်ထုတ်ပေးရတာဆိုတော့ သူတို့လည်းမသိဘူးတဲ့။ မဲတမဲ အလကားမဆုံးချင်လို့။ ကွန်ပလိမ်းတက်တာကို ကျေးဇူးတင်ပါတယ် ဒါမှလည်းနောက် ဒီလိုမမှားအောင် ပြင်လို့ရတာပေါ့တဲ့။ အဲ့ဒီစကားကြားတော့ အံ့သ◌ြသွားတယ် နည်းနည်းတိုးတက်လာပြီ။ ရွေးကောက်ပွဲကလည်း နှစ်ကြိမ်ပဲရှိသေးတော့ လိုအပ်ချက်တွေ ရှိနေသေးတာ နားလည်ပါတယ်။ မဲပေးရတာ အရမ်းအဆင်ပြေပါတယ် အဝေးကြီးကနေလာပြီး မဲပေးကြတဲ့သူတွေကို ချီးကျူးတယ်။ အထွက်မှာ လက်ကို မှင်သုတ်ပါတဲ့။ လက်သန်းမှင်စွန်းခဲ့ပြီ နိုင်ငံသားတယောက်ရဲ့တာပွန် ကျေပွန်ခဲ့ပြီ။ ကိုယ်ကြိုက်တဲ့အစိုးရကို ကိုယ့်လက်နဲ့ရွေးချယ်ခွင့်ရတာ ဘယ်လောက်ကောင်းလိုက်သလဲ။ အနှစ်သုံးဆယ်လောက် ဒီလိုရွေးချယ်ခွင့် မရခဲ့ဘူး။ နိုင်ငံသားတွေက အုပ်ချုပ်မဲ့အစိုးရကို မဲပေးရွေးချယ် ရွေးချယ်လိုက်တဲ့အစိုးရက တိုင်းပြည်အတွက် အလုပ်,လုပ်။ နိုင်ငံသားတွေက နိုင်ငံသားအလုပ်လုပ် အစိုးရက အစိုးရအလုပ်,လုပ်။ ငါးနှစ်မှတခါ ပေးရတဲ့မဲကို မဲသွားမပေးလည်း ဘာမှမဖြစ်ပါဘူး၊ မဲပေးဖို့ စိတ်မဝင်စားတဲ့သူတွေ၊ မဲသွားမပေးတဲ့သူတွေကို အသည်းယားတယ်။ တမဲလည်းတမဲအလျောက် အရေးကြီးတယ်။ မမီးက ဘူတာရုံမှာ လာကြိုတယ် ပြီးတော့ မှာထားတဲ့ အိန္ဒိယအစားအစာယူပြီး ပန်းခြံကိုသွားတယ်။ မခိုင်က ရောက်နေတာ တနာရီကြာနေပြီ။ မခိုင်က အဲ့ဒီနေ့က 5K ကို နာရီဝက်နဲ့ပြေးပြီး သူ့အသက်အရွယ်တန်းမှာ ပထမဆုရတယ် ကွန်ကရက်ကျူလေးရှင်း။ မခိုင်က ပြေးတာ မိုင်တထောင်ကျော်နေပြီ။ မခိုင်အမျိုးသားက half marathon ပြေးတယ်။ ကိုယ်လည်း တပတ်နှစ်ရက် မနက်ရုံးမတက်ခင် တမိုင်သွားပြေးတယ်။ ပြေးပြီး ရေချိုးလိုက်တဲ့အခါ ပေါ့ပါးလန်းဆန်းသွားတဲ့ ဖီလင်ကိုကြိုက်တယ်။ အစားအသောက်တွေကလည်း အတော်ကောင်း ဗိုက်ဆာဆာနဲ့ စားလိုက်ကြတာ။ အိန္ဒိယစာမကြိုက်တဲ့ကိုယ်တောင် အတော်စားဖြစ်တယ်။ မမီးနဲ့မတွေ့တာ အတော်ကြာပြီ တစ်နှစ်လောက်ရှိပြီ။ မကြာခင်အေးတော့မှာ အိမ်တွင်းအောင်းရတော့မယ် ရှေ့နှစ်နွေဥ◌ီးလောက်မှပဲ ပြန်တွေ့ကြတော့မှာမို့လို့ ဆုံဖို့ချိန်းလိုက်ကြတာ။ မြစ်ဘေးနားက တောလမ်းလေးမှာ တမိုင်ကျော် လမ်းလျှောက်တယ်။ ညနေစောင်းကျတော့ မမီးနဲ့ မြစ်ကမ်းဘေးနားက ပန်းခြံဆီကို သုံးမိုင်လောက် လမ်းလျှောက်ကြတယ်။ သာယာအေးချမ်းလှပတယ် နယူးဂျာဆီမှာ နေချင်စိတ်ပေါက်သွားတယ်။ အဖေနဲ့အမေဆို အရမ်းသဘောကျမှာ မနက်၊ ညနေတိုင်း လမ်းလျှောက်နေကြမှာ။ အဖေနဲ့အဖေက ကိုယ်နေခဲ့တဲ့ နယူးဂျာဆီအိမ်ကို သဘောကျတယ် ကွင်းကိုသိပ်မကြိုက်ဘူး။ မြစ်ကမ်းဘေးမှာ ငါးတကောင်ကမ်းပေါ်တင်နေလို့ မြစ်ထဲပြန်လွှတ်ပေးခဲ့ရတယ်။ အဖေက ငါးက အခုန်လွန်လို့ ကမ်းစပ်ပေါ်ရောက်လာတာနေမှာတဒ့။ အဲ့ဒီနေ့က ခြေလှမ်းပေါင်း တသောင်းသုံးထောင် ည ၈ နာရီခွဲနဲ့ အိပ်ငိုက်တယ်။ ည ၉ ခွဲက အိပ်လိုက်တာ မနက် ၇ နာရီခွဲမှနိုးတယ်။ ကိုဗစ်ကာလအတွင်း မနက်၂နာရီမှ အိပ်ပျော်ပြီး မနက် ၈ နာရီခွဲမှထတယ်။ Fibit က အိပ်တာမဆိုးပါဘူးလို့ပြောပေမဲ့ အိပ်ရေးမဝသလိုဘဲ။ ပိတ်ရက်ဆိုရင် နေ့လည်အထိအိပ်တော့ အိပ်ရေးဝတယ်။ အသက်ကွာပေမဲ့ နေ့တိုင်းမတ်ဆေ့ပို့ပြီး ချက်ပြုတ်တာလေးတွေ အပြိုင်အဆိုင်ကြွားကြ စကြနောက်ကြတဲ့ ကိုယ်တို့သုံးယောက်။ ဖတ်ပြီးသွားတဲ့ The Prayer Box စာအုပ်ထဲက နှစ်သက်မိတဲ့စာသားလေးက Sisters are created not by blood, but by love တဲ့။ 

စန်းထွန်း
အောက်တိုဘာ ၁၆၊ ၂၀၂၀။

လက်သန်းမှင်စွန်းခဲ့ပြီ… နိုင်ငံသားတယောက်ရဲ့ အရေးကြီးတဲ့တာဝန်ကို ဒုတိယအကြိမ် ကျေပွန်ခဲ့ပြီ… 

Let vote Myanmar 2020 !

မမီးနဲ့မတွေ့တာ တစ်နှစ်ရှိပြီ… ဗိုက်ဆာဆာနဲ့ စားလိုက်ကြတာ...

Three musketeers...

5K သုံးမိုင်ကို နာရီဝက်နဲ့ ပန်းဝင်ပြီး သူ့အသက်အရွယ်ပိုင်းမှာ ပထမဆုရတဲ့ မခိုင်… ကွန်ကရက်ကျူလေးရှင်း….

သာယာတယ်နော်…. ဓာတ်ဖမ်းဆရာက မမီး...

သစ်ပင် ရေအိုင် မြစ်ချောင်း စိမ်းစိုနေတာလေးတွေ မြင်တာနဲ့တင် ပျော်နေတော့တာ… 

မျက်နှာဖုံးအောက်က ကိုယ့်အပြုံးကို သူမြင်နိုင်ပါစေ...

လှုဒါန်းခြင်း အနုပညာ…

$
0
0
၂၀၂၀ အောက်တိုဘာ ၇ ရက်နေ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ သုံးသိန်းတသောင်း လှုဒါန်းပါတယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ လှုချင်နေတာကြာပြီ နိုဝင်ဘာမွေးနေ့ကျမှ လှုမလို့ကို အမေက ခုကိုဗစ်ဖြစ်လို့ အလှုငွေပိုလိုအပ်တယ်။ နိုဝင်ဘာအထိ မစောင့်ပါနဲ့ ခုလှုလိုက်ပါ သုံးသိန်းအတိမလှုနဲ့ အစွန်းထွက်လေးနဲ့လှုလို့ပြောလို့ အမေစိတ်ချမ်းသာအောင် လှုလိုက်ပါတယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက အလှုငွေလက်ခံတဲ့ ဘဏ်မှာအကောက်မရှိလို့ မကြီးယောင်းမက ကူညီလုပ်ဆောင်ပေးပါတယ်။ ၂၀၂၀ အောက်တိုဘာ ၁၁ တနင်္ဂနွေနေ့ ပန်ဆယ်ဗေးနီးယားပြည်နယ် ဘတ်သလေဟမ်မြို့ သစ္စာနန္ဒ ဓမ္မစင်တာကျောင်း ပါချုပ်ကျောင်းလို့ ခေါ်ကြတဲ့ ဘုန်းကြီးကျောင်းက ဆရာတော်တွေကို မခိုင်က တနင်္ဂနွေနေ့တိုင်း ဆွမ်းကပ်လှုတယ်။ နယူးယောက်ကို လာတုန်းက ကိုယ်ထည့်ပေးလိုက်တဲ့ ကြက်ဆီထမင်းကို ကြိုက်တယ်တဲ့။ အဲမဟာ့ရထားဘူတာနားက ယိုးဒယားကြက်ဆီထမင်းဆိုင်က ကြက်ဆီထမင်း တမျိုးတည်းရောင်းတယ်။ စနေနေ့ ဆုံကြမယ်ဆိုတော့ မခိုင်က ဆရာတော်တွေကို ဆွမ်းကပ်ဖို့ ကြက်ဆီထမင်းမှာတယ်။ ဆွမ်းမကပ်ရတာ ကြာပြီမို့လို့ ကိုယ့်အစားဆွမ်းကပ်ပေးပါလို့ပြောတော့ ကပ်ပေးမယ်တဲ့။ ဆွမ်းတင်မကဘဲ ဆရာတော်နှစ်ပါးအတွက် နဝကမ္မအလှုငွေ၊ ကျောင်းအတွက်ပါလှုလို့ မခိုင်က အကြံပေးတယ်။ ဆရာတော့်ကို ဓာတ်ပုံပြတော့ မှတ်မိတယ်တဲ့ ၂၀၁၈ လောက်တုန်းက အသိအစ်မနဲ့လိုက်သွားဖူးတယ် ပထမဆုံးရောက်ဖူးတာ။ ရခိုင်လူမျိုးပါ မခိုင်နဲ့သိတယ်လို့ ပြောဖူးလို့ မှတ်မိတာနေပါ။ ဆရာတော်က အသက် ၃၀ ကျော်ပဲရှိသေးတယ် အင်္ဂလိပ်လိုပြောတတ်တယ်။ နွေရာသီ ကလေးတွေကို ယဉ်ကျေးလိမ္မာသင်တန်းတွေ သင်ပေးတယ်။ ဆရာတော်က သပိတ်ထဲကိုထည့်ပြီး ဆွမ်းဘုန်းပေးတယ်။ ဆရာတော်ကို ဆွမ်းကပ်တာ ဗွီဒီယိုနဲ့ပြပေမဲ့ အဲ့ဒီအချိန်ကိုယ်က ရထားပေါ်မှာဆိုတော့ ကွန်နက်ရှင်မကောင်းလို့ မကြည့်လိုက်ရဘူး။ အလှုဖြစ်မြောက်အောင် လုပ်ဆောင်ပေးတဲ့ မခိုင်ကြောင့် လှုဖြစ်ခဲ့ပါတယ်။ ကိုယ်လှုချင်တာ ကိုယ်ဖြစ်ချင်တာ ဘာမဆိုကူညီပံ့ပိုးလုပ်ဆောင်ပေးတဲ့ မိသားစု၊ မိတ်ဆွေသူငယ်ချင်းရှိတာ ကံကောင်းခြင်းတမျိုးပါပဲ။ သူများ ကုသိုလ်ကောင်းမှုလုပ်တာကို ကြည်နူးပီတိဖြစ်ပြီး ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ရင် အလှုရှင်နဲ့ထပ်တူ ကုသိုလ်ရနိုင်တာမို့ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပါစေ။ ပြုလုပ်သမျှ ကောင်းမှုကုသိုလ်တွေကို နေ့စဉ်မောင်မောင့်အား ရည်စူးပြီး အမျှအတန်း ပေးဝေပါတယ် ရောက်ရာဘုံဘဝကနေ သာဓုခေါ်ဆိုနိုင်ပါစေ။ 

စန်းထွန်း 
အောက်တိုဘာ ၂၃၊ ၂၀၂၀။

Can’t Help Falling in Love...

$
0
0
လူတိုင်းသိကြတဲ့ အဲဗစ်ပရက်စလေရဲ့ ဂန္တဝင်မြောက်သီချင်းတစ်ပုဒ်။ ချစ်သူရှေ့မှာ ဆိုပြလိုက်ရင် ကြွေဆင်းသွားစေမဲ့သီချင်း။ အဲဗစ်ပရက်စလေဆိုတုန်းက သိပ်မကြိုက်ဘဲ Andre Rieu က စန္ဒရား၊ တယောနဲ့ တီးပြလိုက်တော့မှပဲ ကြိုက်လိုက်တာ အမြဲနားထောင်နေတော့တယ်။ အလွယ်ဆုံးဗာရှင်းရှာပြီး တီးတတ်အောင်ကျင့် ဖေ့ဘွတ်မှာတင်တယ်။ သီချင်းနာမည်ကို ပဟေဠိဖွက်တော့ ြသဇီကကျောင်းနေဖက်သူငယ်ချင်းက ကွန့်မန့်မှာလာရေးသွားတယ်။ ပျော်လိုက်တာ ငါ့တီးတာ မဆိုးဘူးဟ သီချင်းကိုခန့်မှန်းလို့ရသားပဲ။ ဝိုင်းက တယောတီးတာ တော်တော်တိုးတက်လာပြီ တယောအသစ် ဝယ်ထားတယ်။ သူတယောလေ့ကျင့်တာလေးတွေ ပို့ပြီးကြွားတယ်။ မင်းတီးတဲ့သီချင်းက အဲဗစ်ပရက်စလေရဲ့ Love me tender လားမေးတော့ ဝိုင်းတော်တော် ပျော်သွားတယ်။ သူတီးတာမဆိုးဘူး သီချင်းကိုခန့်မှန်းလို့ရသားပဲ ဒါတိုးတက်မှုတခုဆိုပြီးတော့လေ။ ခု ကိုယ်လည်း အဲ့ဒီလိုဖြစ်နေတာ။ Love me tender သီချင်းကို သိသွားတာက တယောသင်တန်းမစခင် ကျောင်းတံခါးဝမှာ စောင့်နေကြတုန်း တရုတ်ကလေးအမ်းဒရူး တီးပြလို့သိတာ။ အမ်းဒရူးက ငယ်ငယ်ကတည်းက စန္ဒရားတီးတတ်တယ်။ တယောသင်တန်းထဲမှာ အတော်ဆုံး အကြိုးစားဆုံး တနေ့တနာရီ လေ့ကျင့်တယ်။ သူ သီချင်းအသစ်တက်ရင် ကိုယ်တို့ကိုတီးပြပြီး ကြွားလေ့ရှိတယ်။ ကိုယ်တို့ကလည်း ဘာသီချင်းလဲ၊ နုတ်ပို့ပေးပါလို့ တောင်းဆိုကြတယ်။ ကိုယ်လည်း အတူတူပါပဲ သီချင်းအသစ်တပုဒ် တီးတတ်ရင် ဖေ့ဘွတ်၊ ဘလော့ကနေ ကြွားရတာအမော။ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေ၊ တူတော်မောင်ပါမကျန် ဗွီဒီယိုပို့ပြီးကြွားတယ်။ ခုလည်း ဘလော့ကနေ ကြွားလိုက်ဥ◌ီးမယ်နော့... 

Wise men say
Only fools rush in
But I can't help falling in love with you
Shall I stay?
Would it be a sin
If I can't help falling in love with you?
Like a river flows
Surely to the sea
Darling, so it goes
Some things are meant to be
Take my hand
Take my whole life too
For I can't help falling in love with you
Like a river flows
Surely to the sea
Darling, so it goes
Some things are meant to be
Take my hand
Take my whole life too
For I can't help falling in love with you
For I can't help falling in love with you

စန်းထွန်း
အောက်တိုဘာ ၃၀၊ ၂၀၂၀။
Viewing all 719 articles
Browse latest View live