Quantcast
Channel: San Htun's Diary
Viewing all articles
Browse latest Browse all 723

နွေဦးတော်လှန်ရေး - ၁၅

$
0
0

 ၂၀၂၁ အောက်တိုဘာ ၂၃ စနေနေ့ နေ့လည် ၂ နာရီကနေ ၄ နာရီ ဂရမ်းစင်ထရယ်ဘူတာရုံနားမှာ တိုတယ်၊ ရှန်ဖရွန်ကုမ္ပဏီကနေ စစ်ကောင်စီကိုပေးနေတဲ့ သွေးစွန်းငွေတွေ ရပ်တန့်ဖို့ကမ်းပိန်းဆန္ဒပြပွဲရှိတယ်။ အမှန်က အောက်တိုဘာလကုန်ရက်မှ တကမ္ဘာလုံးဆန္ဒပြပွဲလုပ်ကြမှာ။ နယူးယောက်မှာက အောက်တိုဘာလကုန်ရက် ဈေးရောင်းပွဲတော်ရှိတော့ တပတ်စောလုပ်တယ်။ ရာသီဥတု အေးလာပြီ အနက်ရောင်ဝတ်လာခိုင်းလို့ အနက်ရောင်အနွေးထည်ရှာ အပြင်မှာနှစ်နာရီလောက် မတ်တပ်ရပ်နေရမှာဆိုတော့ နွေးအောင် သိုးမွှေးတွေဝတ်ရတယ်။ ဘောင်းဘီကလည်း သိုးမွှေး အောက်ကတထပ် lining ပါတဲ့ဟာမှ၊ ခြေအိတ်ကလည်း သိုးမွှေး။ ကိုယ်က သူများထက်ချမ်းတတ်လို့ သိုးမွှေး၊ ကက်ရှ်မီးယား အထပ်ထပ်ဝတ်မှ အဆင်ပြေတယ်။ သူများတွေဆို သားရေ၊ ဂျင်းဂျက်ကက်လေးနဲ့ အားကျပါ့။ မက်ဆီကန်လေးအီလန်ကိုတွေ့တယ် သူကအစောကြီးရောက်နေလေ့ရှိပြီး ဒုတိယတန်းကနေ ဆန္ဒပြလေ့ရှိတယ်။ စာရွက်ငါးရွက်ကို လက်မှတ်ထိုးရတယ် အီလန်နဲ့ကိုယ် ဆိုင်းဘုတ်ကိုင်ရတယ်။ ဒီနေ့ဘာအတွက် ဆန္ဒပြမှာလဲသိလားမေးတော့ သိတယ်တဲ့။ နင် ဖေ့ဘွတ်လည်းမသုံးဘဲ ဆန္ဒပြပွဲရှိတာ ဘယ်လိုသိလဲမေးတော့ သူသူ့ငယ်ချင်းက ပို့ပေးတယ်တဲ့။ သူ့ညာဖက်လက်ကောက်ဝတ်မှာ အနီရောင်စည်းထားလို့ နင်ဘယ်ကရတာလဲမေးတော့ ဟိုကောင်တာမှာသွားတောင်းတဲ့။ အင်္ဂလိပ်လိုကြွေးကြော်တဲ့အခါ တက်တက်ကြွကြွ အော်ဟစ်ပြီး မြန်မာလိုကြွေးကြော်တဲ့အခါ လက်သုံးချောင်းထောင်နေတာပဲ။ Burma Act က အောက်လွှတ်တော်မှာ အတည်ပြုပြီး အထက်လွှတ်တော်မှာ အတည်ပြုဖို့များတယ်။ အဲ့ဒီ Burma Act က အချက်တွေအများကြီးမှာ မြန်မာပြည်သူတွေအတွက် သန်း ၂၀၀ ကို NGO တွေကနေ ထောက်ပံ့မှာ။ သန်း ၂၀၀ ဆိုတာ ခဏလေးနဲ့ကုန်သွားမှာ အရေးကြီးတဲ့ NUG ကို အသိအမှတ်ပြုဖို့အချက်ကျတော့ မပါလို့ အဲ့ဒီအချက်ကို ထည့်ပေးဖို့ နယူးယောက်ကခေါင်းဆောင်တွေ တောင်းဆိုနေတယ်။ ကန်တက်ကီပြည်နယ်က အမတ်မစ်မက်ကော်နစ်က အမေစုနဲ့မြန်မာပြည်ကို အတော်သံယောဇဉ်ရှိတယ် ရှေးဘဝကရေစက်ထင်ပါရဲ့။ ကန်ကပ်ကီဆိုတာနဲ့ လူဝီဗီလ်မြို့လေးကို လွမ်းမိတယ်။ နိုင်ငံသားမဟုတ်လည်း အခွန်ထမ်းပြည်သူတယောက်အနေနဲ့ လွှတ်တော်အမတ်၊ representative တွေကို ဖုန်းခေါ်ပြီး Burma Act ကို ပြင်ဖို့ တိုက်တွန်းတယ်။ ရာသီဥတုအေး မတ်တပ်နှစ်နာရီ ရပ်ရတဲ့ဒုက္ခက စစ်ပြေးဒုက္ခသည်၊ PDF လေးတွေရဲ့ဒုက္ခနဲ့ ယှဉ်လိုက်ရင် မြူမှုန်လောက်တောင် မရှိဘူး။ အီလန်ကိုတော့ ချီးကျူးမိတယ် တိုင်းပြည်အတွက် တတပ်တအား ပါဝင်ပေးတဲ့သူတိုင်းကို လေးစားမိတယ်။ 


အရေးတော်ပုံ အောင်ကိုအောင်ရမည် !!!
စန်းထွန်း
နိုဝင်ဘာ ၁၄၊ ၂၀၂၁။

Photo credit - Wayne Chin



Viewing all articles
Browse latest Browse all 723

Trending Articles