ကျွနု်ပ်နှင့် ကားပျောက်မှု ၊ ကျွနု်ပ်နှင့် ကားတိုးခြင်း ၊ ကျွနု်ပ်နှင့် ကားမှတ်ပုံတင်ခြင်းပြီးသည့်နောက် ခုတဖန် ကျွနု်ပ်နှင့် ကားတိုက်မှု ။ ကားစီးနေသရွေ့ အနှီကားဋီကာများလည်း ဆုံးနိုင်တော့မည်မထင်။
စတိတ်တွင် သွားလည်စရာ သူငယ်ချင်းဆို၍ ဆူနမ်၊ ရာမား တို့ သာရှိရာ သူထို့ ထံ သွားလည်ပတ်လျှင်လည်း သုံးယောက်သား သူတို့ ဘာသာစကားနှင့် ငြင်းခုန်ရန်ဖြစ်နေကြရာ ကျွှနု်ပ်ကား သူတို့ နှင့် ပါဝင်ငြင်းခုန်ဖို့ ထား အနားတောင် မသီနိုင်။ သူတို့ အစားအစာများတွင် ကျွန်ုပ်စားဝင်မည်ထင်လျှင် ကပ်စား၊ မစားနိုင်လျှင် ခေါက်ဆွဲပြုတ်စား၊ သူတို့ နှင့် အပြင်ထွက်စားလျှင် လိုက်၊ ကျွနု်ပ်စိတ်ဝင်စားမည်ထင်သော ရုပ်ရှင်ဆိုလျှင် ဝင်ကြည့်၊ သူတို့ ဈေးဝယ်လျှင် လိုက်၊ ရေကန်နား ဂျော့ကင်းသွားပြေး၊ လမ်းလျှောက်၊ ချဉ်ပေါင်ရတတ်သော သူတို့ နားမှ Global Food ဆိုင်တွင် ချဉ်ပေါင်ဝယ်ပြီး ပါးစပ်ပိတ်ကာ ပြန်လာရသည်ချည်း ဖြစ်သည်။
စတိတ်တွင် မပျော်၊ ဆူနမ်တို့ ဆီ သွားလည်လျှင်လည်း မပျော်ကြောင်း ကျွနု်ပ် ညည်းညူသောအခါ မြန်မာဘုန်းကြီးကျောင်း၊ မြန်မာအသင်းဆီ သွားလည်ပတ်ဖို့  ကလဲရားကွမ်းမှ အကြံပေးသည်။ တခုသော စနေနေ့ က မြန်မာဘုန်းကြီးကျောင်းထံ သွားရောက်ရာ မည်သူတဦးတယောက်မှ မတွေ့ ။ ဆရာတော်များ ခရီးသွားကြဟန် တူသည်။ မြန်မာအသင်းကိုလည်း ကျွနု်ပ်မသိ၊ မြန်မာမိတ်ဆွေလည်း တယောက်မျှမရှိရာ စတိတ်သည်ကား ကျွနု်ပ်အတွက် အတော်ပျင်းစရာ ကောင်းလှလေသည်။
ဆူနမ်တို့ နှင့်ဆိုလျှင် ပါးစပ်ပိတ်နေသလောက် သိသော တရုတ်စကားလုံးများ ညှပ်ညှပ်ပြောတတ်သော၊ အလွန်စကားများသော ကျွန်ုပ်အား ကလဲရားကွမ်းသည် အစ်မကြီးတယောက်ကဲ့သို့  စိတ်ရှည်သည်းခံ စောင့်ရှောက်တတ်သည်။ နေကာမျက်မှန် ပြုတ်ထွက်သွားသော ကလဲရားကွမ်းနှင့် အွန်လိုင်းမှ ၂ ခါ ဝယ်ဖူးသော်လည်း စိတ်တိုင်းမကျ ဆူနမ်တို့ လို အေဗီရေတာမျက်မှန် လိုချင်သောကျွနု်ပ်တို့  လျှော့ပင်းကြရန် ကြံစည်ကြလေသည်။ လျှော့ပင်းမောလ်များက နောက်ဆုံးပေါ်ဒီဇိုင်းများကို တင်ပြီး အောက်လက် ( Outlet ) များက ဒီဇိုင်းနည်းနည်းအောက်ကာ ဈေးသက်သာသည်။ အောက်လက်ကို မသိသော ကျွန်ုပ်အား ကလဲရားကွမ်းက အထူးအဆန်းဖြစ်သည်။ ကျွန်ုပ် နေထိုင်ခဲ့သော အိုင်အိုဝါနှင့် ကန်တက်ကီပြည်နယ်တွင် အောက်လက်မရှိသောကြောင့် အောက်လက်ဆိုသည်ကို ကျွန်ုပ် မသိ။
ရာသီဥတု သာယာပြီး ခြေခင်းလက်ခင်း သာယာသော တခုသော စနေနေ့ တွင် ကလဲရားနှင့် ကျွန်ုပ်တို့  ဝါရှင်တန်ဒီစီမြို့ တော်မှ တောင်ဖက်စူးစူး ၂၅ မိုင် နာရီဝက်ခန့် ကားမောင်းရသော ဗာဂျီးနီးယားပြည်နယ် ဝုဘရခ်ျ့ အောက်လက်ဆီသို့  ခြေဆန့် ကြသည်။ အချိန်ကား နေ့ လယ် ၁၁ နာရီ ကျော် ။ မြေအောက်လှိုဏ်ခေါင်း Interstate 395 South လမ်းသို့ ဝင်သောအခါ ကလဲရားက ဒါ Department Of Labor (DOL) ရုံးအောက်လေ ဆိုသောအခါ တောသားမြို့ တက် ကျွန်ုပ်မှာ အထူးအဆန်းတွေဖြစ်ကာ ဓာတ်ပုံရိုက်တော့သည်။ ကားပေါင်းမြောက်များစွား၏ တုန်ခါမှုကို ခံနိုင်ဖို့  ဒီအိုအယ်လ်ရုံးကြီး၏ ဖောင်ဒေးရှင်းသည် အတော်ခိုင်ခန့် ရပေလိမ့်မည်။ မြေအောက်လှိုဏ်ခေါင်းမှတဆင့် ပတ်တိုးမတ်စ်မြစ်ကို ဖြတ်ကျော်သည်နှင့် ဗာဂျီးနီးယားပြည်နယ်ထဲသို့  ရောက်လေသည်။
ဗာဂျီးနီးယားပြည်နယ် အာလင်တန်အရပ်တွင်ရှိသော နာမည်ကြီး Pho 75 တွင် တထောက်နားကာ တဂွီဂွီမြည်နေသော ဝမ်းကို ဖြည့်ကြလေသည်။ မြန်မာလူမျိုးများသည် မုန့် ဟင်းခါးကို နေ့ ညမရွေး စားကြသလို ဗီယက်နမ်လူမျိုးများသည်လည်း ဖော်ကို နေ့ ညမရွေး စားကြသည်။ Pho 75 သည် Pho တမျိုးသာ ရောင်းပြီး ဒီစီ၊ ဗာဂျီးနီးယား၊ မေရီလန်းတွင် ဆိုင်ခွဲများ ဖွင့်လှစ်ထားသည်။ အူ၊ မျက်လုံး၊ ဗိုက်သား စသည်ဖြင့် အမဲသားကို အမျိုးမျိုးရွေးချယ်နိုင်သည်။
ပဲနို့ မှာယူသောအခါ Yeo တံဆိပ်သံဘူးကို ရေခဲဖြင့် လာချပေးသည်။ ခြင်္သေ့ကျွှန်းတွင် Mr.Bean ဆိုင်မှ ပဲနို့ ကို အသေကြိုက်သော ကျွန်ုပ် ရယ်ဒီမိတ်ဘူးသာရသော စတိတ်တွင် ပဲနို့ အသေငတ်သည်။ လက်ဖျော်လမွန်နိတ်အား ပြောင်းလဲမှာယူရသည်။ ထိုဆိုင်မှ လမွန်နိတ်နှင့် ဖော်သည် အတော့်ကို ခံတွင်းတွေ့ ပြီး စာမြိန်လှသည်။
ဗာဂျီးနီးယား ၊ မြောက်ကာရိုလိုင်းနား ၊ တောင်ကာရိုလိုင်းနားပြည်နယ်များကို ဖြတ်ကျော်ကာ ဂျော်ဂျီယာပြည်နယ်အထိ ဖောက်လုပ်ထားသော I 95 ဟိုင်းဝေးလမ်းသည် ဒီစီအဝင် ဗာဂျီးနီးယားပြည်နယ်အစတွင် အလွန်ကားကြောပိတ်သည်။ ဟေ့ စန်းစန်း အလယ်က HOV - 3 Lane (High Occupancy Vehicle) ။ HOV 3 ဆိုတာ မနက် ၆ နာရီကနေ ၉ နာရီအတွင်း ၊ ညနေ ၃ နာရီခွဲကနေ ၆ နာရီ တနင်္လာနေ့ မှ သောကြာနေ့  ရုံးတက်ရုံးဆင်းချိန်တွေမှာ ကားမှာလူသုံးယောက်ရှိရင် အဲဒီအမြန်လမ်းကနေ မောင်းခွင့်ရှိတယ်။ လူ ၃ ယောက် မပြည့်ဘူးဆိုရင် ကားကြုံစီးဖို့ စောင့်တယ့်နေရာက လူတွေကို ခေါ်လေ့ရှိတယ်။ Hybrids ( လျှပ်စစ်ဖြင့် မောင်း၍ပါရသော ) ကားတွေဆိုရင် တယောက်တည်းရှိရုံနဲ့  မောင်းခွင့်ရှိတယ်။ Rush Hours ချိန်တွေမှာ လူ ၃ ယောက် မပြည့်ဘဲ အဲဒီလမ်းက မောင်းရင် ရဲက ဖမ်းပြီး တစ်ကဒ် ( ဒဏ် ) ရိုက်လို့ ရတယ်။ သြော်...ဒီလိုလား...လူနေကျဲ ၊ ယဉ်ကြောပိတ်မှု နည်းသော MidWest တောနယ်ဖက်တွင်သာ နေထိုင်ဖူးသော ကျွန်ုပ်မှာ လူနေထူထပ်သော အရှေ့ ဖက်ကမ်းခြေဆီမှ ယဉ်ကြောပိတ်မှု ဖြေရှင်းနည်းကို တအံ့တသြ။
အဲဒီအခွဲကျော်သွားရင်တော့ နည်းနည်းရှင်းသွားလိမ့်မယ်။ တရွေ့ ရွေ့  ခရီးနှင်နေသော ကားရေစီးတွင် စီးမျောနေရင်း...
ဝုန်း..ဂလုန်း...
ကားသည် ရှေ့ သို့ ရွေ့ သွားပြီး မေးစေ့တွင် ပူခနဲ ဖြစ်သွားသည်။ ဗုံးများပေါက်သည်လော၊ ကားဘီးပေါက်သည်လော။ စန်း အိုကေလား...ဘယ်ထိသွားသေးလဲ.. တို့ များကားကို ဝင်ကျုံးတာဟေ့... ဘေးရပ်မှ။ နောက်သို့ လှည့်ကြည့်လိုက်သောအခါ လား..လား...ထရပ်ကားတစ်စီး။
စန်း..၉၁၁ ခေါ်..
ဖုန်းကိုင်ပြီး ငေါင်နေသော ကျွနု်ပ်အား...
ဖုန်းခေါ်လေ..ဘာလုပ်နေတာတုန်း...ဘာလဲ ၉၁၁ မခေါ်တတ်ဘူးလား...
၉၁၁ ကို တခါမှ မခေါ်ဖူးဘူး...ခေါ်ချင်ဘူး...တို့ နိုင်ငံမှာ ရဲခေါ်လိုက်ရင် လက်ဖက်ရည်ဖိုး ပေးရလို့  ရဲမခေါ်ဘဲ ကိုယ့်ဘာသာ ဖြေရှင်းကြတယ်...
နင့် ဘိုးအေမှပဲ..အဲဒါ နင့်တို့ နိုင်ငံ...ခုက စတိတ်မှာလေ..
ဘယ်ထိသွားသေးလဲဟင်..တကယ့်ကို ဆောရီးပါနော်...
မိန်းမငယ်လေးတယောက် ပျာပျာသလဲ တောင်းပန်ရှာသည်။ နောက်ထပ် မိန်းကလေး ၂ ယောက် ထပ်ရောက်လာသည်။ ဘာလိုဖြစ်သွားတာလဲ မေးမြန်းသောအခါ သူလည်း ဘာဖြစ်သွားမှန်းမသိဟု ဆိုသည်။ နယူးယောက်ရှိ ဆွေမျိုးများထံ လည်ပတ်ပြီး မြောက်ကာရိုလိုင်းနားအထိ ၁၀ နာရီ ကားမောင်းလာခြင်း ဖြစ်သည်။ ကားကြောပိတ်နေသောကြောင့် တရွေ့ ရွေ့ မောင်းနေချိန် ပင်ပန်းသောကြောင့် သတိလက်လွတ်ဖြစ်ကာ ကားဘရိတ်လွတ်သွားပုံရသည်။ ကားအကြီးက နောက်ဖက်မှ ဝင်ကျုံးလိုက်သည့်အတွက် ကျွနု်ပ်တို့ ကားသည် အရှေ့ ဖက်သို့  ရွေ့ သွားသည်။ ကျွနု်ပ်တို့ ကားနှင့် ရှေ့ ကားတွင် နေရာအနည်းငယ် လွတ်နေသည့်အပြင် သတိရှိသော ကလဲရားက ဘရိတ်အုပ်လိုက်သည့်အတွက် ရှေ့ ကားများကို ဆင့်ကာဆင့်ကာ မတိုက်ခြင်း ဖြစ်သည်။
ကားနောက်ဖက် ချိုင့်ဝင်သွားသည်၊ နေကာအမိုးကာဗာ နောက်သို့ ဝင်သွားသည်၊ ရှေ့ ထိုင်ခုံကြားမှ အံဆွဲပြုတ်ထွက်သွားသည်၊ ကားနောက်ဖုံး ဖွင့်စစ်ရာ ပိတ်မရတော့၊ ကားတွက် Check စစ်ကနယ် ပေါ်သွားသည်။ လိပ်နှုန်းဖြင့် မောင်းနေသောကားကို ဝင်ကျုံး၍သာ တော်တော့သည်။ အရှိန်ဖြင့် မောင်းနေသောကားကို ဝင်ကျုံးလျှင် အသက်ပါသွားနိုင်သည်။ ကလဲရား၏ ဖိုက်စီးရီး ဘီအမ်ဒဘလျူသည် ချိုင့်ဝင်သွားသော်လည်း သူတို့ ကားက အရာလေးသာ ထင်သည်။
ကုန်ကျသမျှ သူတို့ ပေးပါမည် ရဲမခေါ်ပါနှင့်ဟု ဆိုသောအခါ ၉၁၁ အား ခေါ်ဆိုနေသော ကျွနု်ပ်က ဖုန်းချလိုက်သည်။ သို့ သော် မီးရောင်တလက်လက်ဖြင့် ဗာဂျီးနီးယားရဲမေများ ရောက်ချလာလေသည်။ ဘာနေရာများ မောင်းနေတာလဲ၊ ဘယ်လိုတိုက်တာလဲ၊ ကားခါးပတ် ပတ်ထားလား၊ ဘယ်လူတွေက ဘယ်နေရာမှာထိုင်လဲဖြင့် ရဲစစ်ချက်ယူလေသည်။ ကားတိုးဖို့  မလိုသောကြောင့် နာရီဝက်ခန့် အကြာ ရဲမေမှ ကားများကို ရှင်းပေးပြီး ကျွနု်ပ်တို့ ကို ထွက်ခွာစေသည်။ ထိုမိန်းကလေးငယ်လေး၏ ပထမဆုံး ကားတိုက်မှုဖြစ်သလို ကျွနု်ပ်၏ ပထမဆုံး ကားတိုက်မှုဖြစ်သည်။ ထိုမိန်းကလေးသည်လည်း လန့် ဖျပ်ကာ ကျန်ခရီးအား ဆက်မမောင်းတော့ဟု ဆိုသည်။
စတိတ်တွင် နှစ်ပေါင်း၂၀ ကျော်နေပြီဖြစ်သော ကလဲရားသည် ကားအတွေ့ အကြုံစုံသည်။ တခါတုန်းက သူ့ ကား အတိုက်ခံရရာ ကားတိုက်သူက ရဲမခေါ်စေချင်သောကြောင့် ကိုယ့်ဘာသာ ဖြေရှင်းကြသည်။ ကားတိုက်သူက သဘောကောင်းသော်ငြား ကားအာမခံက ညစ်ချင်သောကြောင့် ကလဲရား၏ အမှားပါ ပါသည်ဟု ပြောဆိုသည်။ သို့ ပါသောကြောင့် ရဲမှတ်တမ်းရယူခြင်းသည် ကောင်း၏ဟု ဆိုသည်။
ကားတိုက်သည့်မိန်းကလေးသည် ကားပိုင်ရှင်၏ သမီးမဟုတ်သောကြောင့် အာမခံကိစ္စအတွက် ကလဲရားမှာ ရှေ့ နေနှင့် တိုင်ပင်လိုက်ရသေးသည်။ ဘော်ဒီရုံ ၃ ခုဆီသွားပြီး ခန့် မှန်းတွက်ချက်ခိုင်းရသည်။ အာမခံ၏ Network တွင်ရှိသော ဘော်ဒီရုံတွင် သွားပြင်ဖို့  ပို့ ထားရသည်။ ပြန်ပြင်၍ ကုန်ကျသောငွေသည် ကားတန်းဖိုး၏ ၇၀ ရာခိုင်နှုန်းကျော်နေသောကြောင့် ကားတန်ဖိုး ၇၀၀၀ တန်ဖိုးဖြတ်ကာ ပေးမည်ဆိုသည်။ ကားတိုက်မှုဖြစ်ပြီးလျှင် ကားတန်ဖိုး လျှော့သောကြောင့် ၇၀၀၀ ယူကာ ကားမပြင်တော့ဟု ကလဲရား ဆုံးဖြတ်လိုက်သည်။
၂၀၁၂ ဂျူလှိုင် ဘောစတွန်ခရီးအတွက် လေဆိပ်ဆီသို့ အသွား ရုံးကားပါကင်တွင် ဘေးကားကို ပွတ်မိသည်။ ခရီးမှ ပြန်ရောက်သောအခါ ကားမှန်တွင် စာလာကပ်သွားသည် သူ့ ကားကို တိုက်သည်မှာ ကျွနု်ပ်ဟူ၍။ ကားတိုက်မိသော်ငြား ပိုင်ရှင်အသိမပေးဘဲ မောင်းသွားခြင်းသည် Hit & Run ဖြစ်ပြီး ရဲဖမ်းနိုင်သည်။ ကားပိုင်ရှင် မရှိလျှင် စာရွက်ပေါ်တွင် ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ အကျိုးအကြောင်း ရေးထားသင့်သည်ဟု ပီတာမှ ရှင်းပြသည်။ ကားပွတ်ခံရသူမှာ ကျွနု်ပ်နှင့် တရုံးတည်းဖြစ်သည့် သဘောမနောကောင်းသည့် ကန်တက်ဖြစ်သည်။ သူ့ ဘာသာ ကားပြင်ဆိုင်များသို့ သွားကာ ခန့် မှန်းတွက်ချက်သည်၊ ကားပြင်သည်၊ ကားဘော်ဒီဆိုင် ရောက်နေချိန်တွင် သူ့ သူငယ်ချင်းမှ ရုံးတက်ရုံးဆင်း အကြိုအပို့  လုပ်ပေးသည်။ ကုန်ကျငွေ ၉၀၀ ကိုသာ ဘေလ်ပြပြီး တောင်းခံသည်။ ကျွနု်ပ်၏ ကားအာမခံကို သုံးလျှင် အာခမံကြေးနှစ်ဆ တက်သွားအပြင် ၃ နှစ်အထိ Record တွင် ရှိနေမည်ဟု ဆိုသည်။ ယူအက်စ်ကားမောင်းသက် တနှစ်အောက်ဖြစ်သည့်အပြင် လူဝီဗီလ်သည် ကန်တက်ကီပြည်နယ်၏ အကြီးဆုံးမြို့ ဖြစ်သောကြောင့် ကျွနု်ပ်၏ ကားအာမခံသည် သူများထက် ဈေးကြီးနေရာ အားလုံးက ကားအာမခံကို မသုံးဘဲ ကိုယ့်ဘာသာပေးဆောင်ဖို့  တိုက်တွန်းကြသည်။ ပိုက်ဆံကုန်သွားသောအခါမှ ကျွနု်ပ်သည် ကားမောင်းသောအခါ သတိထားလာလေသည်။
အိုဟိုင်းရိုးပြည်နယ် နေအိမ်ကားပါကင်ဝင်းတွင် ရပ်နားထားသော ဆူနမ့်ကားသည်လည်း အတိုက်ခံရဖူးသည်။ မေရီလန်းသို့  ပြောင်းသောအခါမှ ဘာတီမိုးမြို့  တိုရိုတာဆိုင်တွင် သွားပြင်သည်။ ကားဘော်ဒီဆိုင်တွင် ပြင်နေသည့်အချိန် စီးရန် အာမခံကုမ္ဗဏီမှ ၂၀၁၃ Yaris တိုရိုတာတစ်စီး ပေးသည်။ သေးငယ်ပြီး ဂျီပီအက်စ်ထည့်ရန် နေရာပင်မပါသော အဆိုပါကားကို ကျွနု်ပ်တို့  မကြိုက်ကြ။
ရုံးမှ ဗီယက်နမ် သက်ငုယင်မှ ဆေးခန်းသွားရန် အကြံပေးသည်။ မိုးရွာနေချိန် အရှိန်ပြင်းပြင်းဖြင့် မောင်းသော စပေါ့ကားသည် တပတ်လည်ပြီး သူတို့ ကားဆီ မြှောက်လာသည်ကို တွေ့ သော်ငြား မီးနီနေသောကြောင့် မောင်းပြေး၍မရ။ ဟိုနားကနာတယ် ဒီနားကနာတယ်ဖြင့် ဆေးခန်းသို့  တလနီးပါး သွားရောက်ကာ စစ်ဆေးခံသည်။ ကားတိုက်သည့်သူ၏ အာမခံသည် ဆေးခန်းသွားသည့်အချိန်အတွက် အလုပ်ဝင်ငွေ နစ်နာကြေး၊ ဆေးခန်းသို့  ၂၀၀၀ ပေးချေရသည်။ သက်က အကြံပေးသော်ငြား ဒဏ်ရာသည်လည်း မပြောပလောက်၊ အလုပ်မရှုပ်ချင်၊ ကားတိုက်၍ အာမခံကြေးတက်နေသည့် ထိုမိန်းကလေးအား ကိုယ်ချင်းစာသောကြောင့် ဆေးခန်းသို့  မသွားကြ။
ကားတိုက်မှုဖြစ်ပြီး လန့် ဖျပ်သွားကာ နောက်အပတ်တွင် ကားဘရိတ်ကို သွားစစ်ဆေးသည်။ ကားဘရိတ်သည် ကောင်းနေပြီး မကောင်းသည်က အင်ဂျင်အေးစေသည့်အပိုင်း၊ မောက်အပိုင်း၊ ထရန်စစ်ရှင်းအပိုင်း။ ထိုကားအင်ဂျင်အပိုင်းများအတွက် ပြင်ခ တထောင်ကျော်ဟူ၍ မှတ်ချက်ပေးလိုက်သည်။ အဆိုပါ ကားတိုက်မှုအပြီး သြဇီမှ ဘလော့ဂါများ၊ ဘော့စတွန်သားများ အသည်းစွဲသည့် မီနီကူးပါးလို ကားမျိုးဝယ်မည်ဟု ကြံစည်ထားသော ကျွနု်ပ်၏ အကြံအစည်များ ပြောင်းလဲသွားသည်။ သူကပဲ ဝင်အောင်းအောင်း ကိုယ်ကပဲ ဝင်အောင်းအောင်း အရာမယွင်းသော အဆိုပါကားကြီးများကိုသာ ဝယ်ချင်တော့သည်ဟူ၍။
စန်းထွန်း
စက်တင်ဘာ ၉ ၊ ၂၀၁၃။