Quantcast
Channel: San Htun's Diary
Viewing all articles
Browse latest Browse all 722

ကြွားခြင်းအနုပညာ ….

$
0
0

 တူတော်မောင်ဟာ ကိုယ့်အဖေနဲ့ အတော်တူတယ် ညဏ်ထက်တယ်၊ ပါးနပ်တယ်၊ တိကျတယ်၊ သူသိသူတတ် ဆရာကြီး၊ သူသိတာဆိုရင်လည်း သိပ်ပြောပြချင်တာ။ ပုံဆွဲတော်တာကတော့ သူ့ကြီးတော်ကြီး မကြီးနဲ့သွားတူတယ်။ ဘုရားပုံတွေဆွဲတာများတယ် တူလည်းတော်တော်တူတယ်။ သီတဂူဆရာတော်ကိုလည်း သိပ်ကြည်ညိုတယ်။ တီဗွီမှာ တရားလာရင် ကိုယ်တွေဆို တီဗွီပိတ်အိပ် သူကတော့ တကူးတကကို နားထောင်လိုက်ရွတ်တယ်။ ယိုးဒယားကို သွားလည်ချင်တာ ကိုယ်နာမည်မမှတ်မိတဲ့ ဘုရားကို ဖူးချင်လို့တဲ့။ အရင်ဘဝက 

ဘုန်းကြီးများလား မသိဘူး။ ဘိုဘိုကာတွန်းဆွဲတာ တူတယ် မျက်လုံးလေးက ကြောက်တဲ့ပုံပေါက်တယ်တဲ့။ ဘယ်လိုဘုရားပုံက ဆွဲရခက်လည်းမေးတော့ အပေါ်ကနေစီးရိုက်တဲ့ပုံတွေဆွဲရင် ခက်တယ်တဲ့။ အောက်ကပင့်ရိုက် ငြမ်းဆင်းထားတဲ့ပုံတွေက လွယ်တယ်တဲ့။ ကြီးတော်တွေကလည်း ပေါက်ပေါက်ရှာရှာ မေးတတ်တယ် သူကလည်း သေသေချာချာ တိတိကျကျ ဖြေတတ်တယ်။ သူ့အိမ်က ကြီးတော်သူငယ်ချင်းက ပန်းချီလာသင်ပေးတယ်။ အွန်လိုင်းပန်းချီသင်တန်းအပ်မလို့ဟာကို သူအကုန်သိပြီးသား တတ်ပြီးသား သင်တန်းတက်ဆရာမလိုဘူးတဲ့။ ပုံဆွဲတော်လို့ drawing hero award မတ်လမှာ ရတယ်။ ဇွန်လမှာ Best Student of the Month ၊ စက်တင်ဘာမှာ Excellent Creative Thinker Award ရတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက တောင်းနေတဲ့ mini force အရုပ်ကို Best Student သုံးခါရရင် ဝယ်ပေးမယ် ပြောထားတယ်။ အရုပ်က တရာကျော်ဆိုတော့ အဘွားတွေက ဈေးကြီးတယ် မဝယ်ပေးနဲ့တဲ့။ ကိုယ်တွေကတော့ ဈေးကြီးပေးမဲ့ သူကြိုးစားတာနဲ့ ထိုက်တန်အောင် လိုချင်တာကို ဝယ်ပေးလို့ ဆုံးဖြတ်ထားတယ်။ တရာတန်ပဲ ပေးနိုင်မယ်လို့။ ဆု ၃ ခါရပြီး ဝယ်ပေးပါလို့ တောင်းနေလို့ အဲ့ဒီဆုတွေက best student မဟုတ်ဘူး best student နောက်ထပ် ၂ ခါရအောင်ကြိုးစား ရရင်ချက်ချင်းဝယ်ပေးမယ်။ တရုတ်ကဟာမလိုချင်ဘူး ကိုရီးယားကတဲ့ ကိုဗစ်ဖြစ်နေလို့ မှာလို့ရပါ့မလား ကိုရီးယားလိုပြောရမှာပေါ့နော်နဲ့ အမလေး မေးခွန်းကများ ပစိပစပ်များ အတော်စိတ်ရှည်စွာနဲ့ ရှင်းပြရတယ်။ ကိုယ်ငယ်ငယ်တုန်းက ဘာလိုချင်မှန်း မသိဘူး အမေဝယ်ပေးတာ ဝတ်လိုက်တာပဲ ဆယ်ကျော်သက်အရွယ်ရောက်တော့မှ ကိုယ်လိုချင်တာ ကိုယ်သိတယ်။ အခု တူတော်မောင်က အသက် ၆ နှစ်ကတည်းက သူဘာလိုချင်မှန်း သေသေချာချာသိတယ်။ တနေ့တာအစီအစဉ်တွေ မေးကြည့်ရင် ဘယ်အချိန် ဘာလုပ်မှာ တနေကုန် အချိန်ဇယားအပြည့်။ ကိုယ်တွေ သူ့အရွယ်တုန်းက ထမင်းစားဖို့ ကျူရှင်သွားဖို့ စာကြည့်ဖို​့ အမေခေါ်မှ ပြေးလုပ်တယ်။ အမေဇွန်သူဌေး အာကာသယာဉ်စီးတဲ့အကြောင်း ဖွင့်ပြတော့ သိတယ်တဲ့ ကာတွန်းကားတွေမှာ ပါတယ်တဲ့။ ကိုယ်တွေက အသက် ၁၀ နှစ်လောက်မှ တီဗွီစမြင်ဖူးတယ်။ အဲဒီတုန်းက တရွာလုံးမှာမှ တီဗွီ၂လုံးလောက်ပဲရှိတော့ ရှိတဲ့အိမ်မှာသွားကြည့်ရတယ်။ ညနေ ၆ နာရီကနေ ၈ နာရီအထိလောက်ပဲလွှင့်တယ်တင်တယ်။ မီးစက်နှိုးတဲ့အချိန် ၆ နာရီခွဲ ကလေးတွေတအုပ်ကြီး တီဗွီကြည့်ကြတာပဲ မှတ်မိတော့တယ်။ ခုခတ်ကလေးတွေကတော့ အင်တာနက်ကအကုန်သိ။ ကိုယ်တွေက အသက် ၂၅ လောက်မှ ဂူဂယ်မှာ ရှာတတ်တာ သူတို့က အသက် ၆ နှစ်နဲ့ ဂူဂယိရှာတာ ကျွှမ်းနေပြီ။ ကိုးရီးယားမှာ တိုက်ပြိုကျတယ်လို့ သူပြောလို့ ဂူဂယ်မှာရှာတာ မတွေဘူး။ သူ့ကိုမေးကြည့်ပြီး ဘယ်လိုရိုက်ထည့် ဘယ်လိုရှာရတာ မေးကြည့်တော့မှ တွေ့တယ်။ သူ့ကို ဆရာတင်နေရတယ်ဆြာကြီး။  Starter အတန်း နောက်ဆုံးစာမေးပွဲ ဖြေနိုင်လား အမှတ်ပြည့်ရမှာလားမေးတော့ နည်းနည်းလျော့မယ်တဲ့။ သူထင်တဲ့အတိုင်း listening နဲ့ speaking မှာ ၂ မှတ်စီလျော့တယ်။ လျော့မှာပေါ့ သူများပြောတာ နားမထောင်ဘူး သူပြောချင်တာပဲ ဇွတ်ပြောနေတာ။ သူနဲ့စကားပြောရင် သူပြောတာကများများ ကိုယ်ကနားထောင်ရတယ် ပြောချင်တာကို မနည်းလုပြောရတယ်။ တော်တော်စကားပြောနိုင်တဲ့ကလေး ကြီးတော်နှစ်ယောက်ကို တနာရီကျော် ထိန်းထားနိုင်တယ်။ စကားများတာတော့ ကိုယ်နဲ့တူတယ် ကိုယ်စကားများလွန်းလို့ ကိုယ့်အဘိုးက  နာရီဝက်လောက် စကားမပြောရင် ပိုက်ဆံပေးမယ်ဆိုတာကို ပိုက်မဆံယူဘူး စကားပဲများမယ်တဲ့။ သူ့ကို ချော့ပြောရတယ် မာမာတင်းတင်း ပြောလို့မရဘူး။ ကြည့် listening နဲ့ speaking မှာသာ အမှတ်ပြည့်ရရင် best student ရနိုင်တယ် အဲ့ဒါဆို best student တခါပဲရဖို့ လိုတော့တယ်။ သားလိုချင်တဲ့အရုပ်ရဖို့ မြန်မြန်နီးစပ်တာပေါ့ နောက် listening နဲ့ speaking မှာ သေသေချာချာ နားထောင်နော်လို့ ပြောရတယ်။ ဆုတွေကို delivery နဲ့ ပို့လာတဲ့အခါ ဗွီဒီယိုကောခေါ်ပြီး ကြီးတော်ကို ကြွားတယ်။ ကြီးတော်က ဖေ့ဘွတ်ပေါ်တင်ပြီး အားလုံးသိအောင် မောင်းထုပြီး ကြွားတယ်။ ဖေ့ဘွတ်ပေါ်ကြွားရတာ အားမရလို့ ဘလော့မှာလာပြီး ကြွားတယ်။ လိုက်လည်းလိုက်တဲ့ တူဝရီး ကြွားစိန်တွေ။


စန်းထွန်း
အောက်တိုဘာ ၁၆၊ ၂၀၂၁။

ညက်မှန်ကြီးနဲ့ ဆြာကြီး
Hulk ရုပ်နဲ့ လိုချင်တယ်ဆိုလို့ မကြီးပို့ပေးတဲ့ မွေးနေ့ကိတ်
သူလိုချင်တဲ့ အရုပ်တွေတဲ့ ဂူဂယ်မှာ ကောင်းကောင်းရှာတတ်တယ်… ကိုယ်တောင် ဘယ်လိုရှာရလဲလို့ ပြန်မေးပြီးသင်နေရတယ်


Viewing all articles
Browse latest Browse all 722

Trending Articles