Quantcast
Channel: San Htun's Diary
Viewing all articles
Browse latest Browse all 722

နွေဦးတော်လှန်ရေး - ၁၄

$
0
0

 ၂၀၂၁ စက်တင်ဘာ ၁၈ စနေနေ့ နေ့လည် ၁၁ ကနေ ၄ နာရီအထိ နယူးယောက်ပြည်နယ် နယူးယောက်မြို့ ကွင်းရပ်ကွက် စိန့်ဂျိမ်းဘုရားရှိခိုးကျောင်းမှား ရှမ်းတိုင်းရင်းသား ဈေးရောင်းပွဲတော်ရှိတယ်။ ကိုယ့်ကိုညီမအရင်းလို ကူညီစောင့်ရှောက်တဲ့အမက ဗော်လန်တီယာလုပ်ဖို့ခေါ်တာနဲ့ လုပ်ဖြစ်သွားတယ်။ မနက် ၉ နာရီ ဘုရားကျောင်းရောက်တော့ ဈေးရောင်းမဲ့သူတွေက ရောက်နှင့်နေပြီ။ ဗော်လန်တီယာတွေက မရောက်သေး၊ ဘုရားကျောင်းတံခါး မဖွင့်သေးဘူး။ ပစ္စည်းတွေကူချပေးရင်း မေးကြည့်တော့ မေရီလန်းပြည်နယ် ဘာတီမိုးမြို့က မနက် ၂ နာရီကတည်းက လာကြတာတဲ့။ ရှမ်းရိုးရာဝတ်စုံတွေ ဝတ်ထားကြတယ်။ ခုံခင်းတွေကူခင်းပေး၊ ဗော်လန်တီယာတွေ ရောက်လာတော့ ဆိုင်နံပါတ်၊ နာမည်ဆိုင်းဘုတ်တွေကပ်။ အမရောက်လာတော့ ငါးပေါင်းကို ဗူးထဲထည့်ပေး၊ မျှစ်သုပ်ကို အရသာမြည်းပေး၊ အချဉ်ပေါ့နေလို့ ကိုယ့်ယူလာတဲ့ သံပုရာသီးညှစ်ထည့်၊ အမရဲ့သူငယ်ချင်းသားအမိ ကူဖို့ရောက်လာတော့ အရသာမြည်းခိုင်း၊ မျှစ်သုပ်ကို ဗူးထဲထည့်တဲ့အခါ ကိုယ်တို့က ကြက်သွန်ကြော်၊ နှမ်း၊ ရှောက်ရွက်ဖြူး။ ကိုယ်က မျှစ်သုပ်ရောင်း၊ ဗော်လန်တီယာအမက ငါးပေါင်း၊ နောက်တဖွဲ့က မတ်စ်၊ ပိုက်ဆံအိတ် ကူရောင်းပေးတယ်။ အမက အခမ်းအနားမှုးလုပ်တော့ ရောင်းဖို့မအားဘူး။ လက်မလည်အောင် ရောင်းရတာ ၁၂ ခွဲနဲ့ အကုန်,ကုန်တယ်။ အဲ့ဒီတော့မှ ဗိုက်ဆာလာလို့ အမတယောက်ဆိုင်က ဝယ်ထားတဲ့ ကောက်ညှင်း အုန်းနို့ဒူးရင်းသီးဆမ်း စားဖြစ်တယ်။ ရှမ်းအစားအစား စားရခဲတယ်ဆိုပြီးဝယ်တာ ပါသမျှပိုက်ဆံကုန်။ ရှမ်းရိုးရာ အိုးစည်ဗုံမောင်း၊ ကိန္နရာက၊ ဓားသိုင်း၊ တိုးနယားအကနဲ့ ဖျော်ဖြေတယ်။ ရှမ်းကလေးမလေး ၂ ယောက် သီချင်းဆိုပြီး ကကြတယ်။ ကလေးမလေးတယောက် အတော်ဆိုတတ်တယ် အမူအယာကလည်း တတ်လိုက်တာ။ ကိုယ်တောင် သူ့ဆီက သင်ရမယ် ဆုတွေအများကြီး ချကြတယ်။ ဆန္ဒပြပွဲတိုင်း တွေ့တဲ့သူတွေ၊ အပေါင်းအသင်း မိတ်ဆွေတွေ လာကြတယ်။ မက်ဆီကန်လေး အီလန်တောင် လာတယ်။ ဘိုကလေးတယောက်က မျှစ်သုပ်ကောင်းလို့ ၂ ခါလာဝယ်တယ်။ ဗော်လန်တီယာခေါင်းဆောင် အသိညီမလေးလည်း ၂ ခါလာဝယ်တယ်။ မြန်မာအက္ခရာစာလုံး တီရှပ်အနက်ဝတ်ထားတဲ့ ဘိုမကို နင့်တီရှပ်လေး ကြိုက်တယ်လို့ပြောတာ မြန်မာပြည်ရောက်တာ ၄ ခေါက်ရှိပြီတဲ့။ သူဝတ်တော့မှပဲ မြန်မာအက္ခရာတီရှပ်လေး လိုချင်သွားတယ်။ ၃ နာရီ အကုန်သိမ်းပြီးတာနဲ့ အိမ်ပြန် အိမ်ရောက်တော့မှ နေ့လည်စာနဲ့ ညစာပေါင်းစား ရေချိုးပြီးတာနဲ့ အိပ်လိုက်တာ ည ၈ နာရီမှနိုးတယ်။ ‌ဈေးရောင်းရငွေ တသောင်းရှစ်ထောင် ရတယ် ရှမ်းနဲ့ကယားပြည်နယ်က စစ်ဘေးရှောင်၊ PDF ကိုလှုမယ်လို့ ကြားတယ်။

အရေးတော်ပုံ အောင်ရမည်!!!
စန်းထွန်း
အောက်တိုဘာ ၃ ၊ ၂၀၂၁။


Viewing all articles
Browse latest Browse all 722

Trending Articles